/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးပြီးနောက်-ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့

ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်း 9 သွယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          မိခင်အများစုဟာ ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်လျှော့ချတာနဲ့ပတ်သက်ပြီး အခက်အခဲတွေကြုံရတတ်ပါတယ်။ အိပ်ရေးပျက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းတို့ကြောင့် ကိုယ်အလေးချိန်လျှော့ဖို့အတွက် မိမိမှာအချိန်တွေ၊ အင်အားတွေမရှိဘူးလို့ ခံစားနေရလေ့ရှိပါတယ်။ တကယ်တော့ အားကစားခန်းမမှာ နာရီပေါင်းများစွာ ချေွးတွေရွှဲနစ်နေအောင် ကစားစရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ အလုပ်များတဲ့ မိခင်တစ်ယောက်အနေနဲ့ နေ့စဉ်အိမ်မှုကိစ္စတွေပြုလုပ်တာနဲ့တင် ကယ်လိုရီတွေများစွာလောင်ကျွမ်းနိုင်ပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ထို့ပြင် မိမိနှစ်သက်တဲ့အရာတွေကို နေ့စဉ် နည်းနည်းစီပြုလုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ပေါင်တော်တော်များများကိုကျဆင်းစေပါတယ်။

ကလေးနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စများ

1. နို့ချိုတိုက်ကျေွးခြင်း

        တစ်နေ့ကုန်ထိုင်၍ ကလေးငယ်ကိုသာပြုစုနေသည့်တိုင်အောင် တစ်နေ့လျှင် ပျမ်းမျှကယ်လိုရီ 500 ခန့်လောင်ကျွမ်းနိုင်ပါတယ်။ မိခင်ရောကလေးပါကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝအောင်နေရန်နှင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နို့၊ ပရိုတင်းဓာတ်တွေကိုစား၍ အာဟာရပြည့်ဝနေစေရန် အထူးဂရုပြုသင့်ပါတယ်။

2. ကလေးငယ်ကိုချီပိုး၍ လမ်းလျှောက်ခြင်း

        ကလေးငယ်နှင့်အတူလမ်းလျှောက်ထွက်ခြင်းဟာ စိတ်ရောကိုယ်ပါကျန်းမာစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိခင်ရောကလေးပါ လေကောင်းလေသန့်ကိုရှုရှိုက်နိုင်ရုံသာမက လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ကာ စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ကလေးငယ်ကိုချီပိုးပြီး လမ်းလျှောက်ခြင်းဟာ တစ်နာရီလျှင် ကယ်လိုရီ 340 မှ 420 ထိ ကျစေနိုင်တာကြောင့် တစ်ပတ်လျှင် 3-4 ကြိမ်ခန့် လမ်းလျှောက်ထွက်သင့်ပါတယ်။

3. မိခင်တစ်ဦး၏ တာဝန်ဝတ္တရားများ

        ကလေးငယ်ကိုရေချိုးပေးခြင်း၊ အတွင်းခံလဲလှယ်ပေးခြင်း၊ အကျႌဝတ်ပေးခြင်းနှင့်အတူတူ ကစားပေးခြင်း ထို့ပြင် မိခင်နှင့်ကလေးငယ်အကြား သံယောဇဉ်ကြိုးကိုခိုင်မြဲစေရုံသာမက လှုပ်လှုပ်ရှားရှားလုပ်ရတာကြောင့် တစ်နာရီလျှင် ကယ်လိုရီ 170 မှ 200 ထိ လောင်ကျွမ်းနိုင်ပါတယ်။ မိခင်တစ်ဦးအနေနဲ့ ကလေးငယ်ရဲ့ဝေယျာဝစ္စများကို ပိုမိုလုပ်ဆောင်ခြင်းဖြင့် ကိုယ်အလေးချိန်ကို သိသိသာသာလျှော့ချနိုင်ပါတယ်။

အိမ်မှုကိစ္စများ

4. အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း

        တံမြက်စည်းလှဲခြင်း၊ ဖုန်စုတ်ခြင်း၊ ကြမ်းတိုက်ခြင်း၊ အမှိုက်ပစ်ခြင်း၊ စားပွဲခင်းလဲလှယ်ခြင်း စတဲ့အိမ်မှုကိစ္စတွေပြုလုပ်ခြင်းဟာ တစ်နာရီလျှင် ကယ်လိုရီ 180 ခန့် လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းတယ်လို့ ခံစားရတိုင်း ကိုယ်အလေးချိန်လျှော့ချဖို့ကြိုးစားနေတယ်ဆိုတဲ့အတွေးနဲ့ ပြေပျောက်ပါ။

5. ထမင်းဟင်းချက်ပြုတ်ခြင်း

        ဟင်းချက်ခြင်းဟာ တစ်နာရီလျှင် ပျမ်းမျှကယ်လိုရီ 130 ခန့်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာရှိတဲ့အချိန်တိုင်း တစ်ခုခုစားသုံးနေလေ့မရှိပါက ထမင်းဟင်းတွေကို ချက်ပြုတ်ပြင်ဆင်ခြင်းဖြင့် ကိုယ်အလေးချိန်ကို ကောင်းစွာလျှော့ချနိုင်ပါတယ်။

6. ဈေးဝယ်ထွက်ခြင်း

        ကိုယ်အလေးချိန်လျော့ချဖို့ကြိုးစားနေပါက ဈေးဝယ်ထွက်ခြင်းဟာ အကောင်းဆုံးလေ့ကျင့်ခန်းမဟုတ်သော်လည်း တစ်နာရီကို ကယ်လိုရီ 150 ခန့်လောက်တော့ လောင်ကျွမ်းစေနိုင်ပါတယ်။ ဈေးဝယ်ပစ္စည်းများကိုသယ်ဆောင်၍ 15 မိနစ်ခန့် လှေကားကိုတက်လိုက်ဆင်းလိုက် ပြုလုပ်ပေးပါက နောက်ထပ် 125 ကယ်လိုရီခန့် လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တဲ့ လုပ်ဆောင်မှုများ

7. ချစ်တင်းနှောခြင်း

        ယောကျာ်းနဲ့အတူနေခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေရုံသာမက မိမိရဲ့ခင်ပွန်းနဲ့ ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ထို့ပြင် တစ်နာရီလျှင် 88-100 ကယ်လိုရီထိ လျော့ကျစေနိုင်တာကြောင့် ဆရာဝန်မှ ခွင့်ပြုသည်နှင့်လုပ်ဆောင်နိုင်ပါတယ်။

8. သိုးမွှေးထိုးခြင်း

        အကယ်၍ သိုးမွှေးထိုးခြင်းကို ဝါသနာပါ,ပါက သင်ယူလေ့လာခြင်းဖြင့် စိတ်ဖိစီးမှုကိုကင်းဝေးစေကာ တစ်နာရီကို 100 ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။

9. ကခုန်ခြင်း

        ကလေးငယ်ဖြင့်ဆော့ကစားခြင်း (သို့) ဧည့်ခန်း၌ပင် မိမိနှစ်သက်တဲ့သီချင်းဖြင့် ကခုန်ခြင်းဖြင့် တစ်နာရီလျှင် ကယ်လိုရီ 350 လောင်ကျွမ်းနိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com