/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ဖို့-အခွင့်အလမ်းနည်းလာတဲ့-အသက်အရွယ်

ကိုယ်ဝန်ဆောင်ဖို့ အခွင့်အလမ်းနည်းလာတဲ့ အသက်အရွယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        အမျိုးသမီးတစ်ဦးအတွက် ကိုယ်၀န်ဆောင်ဖို့အကောင်းဆုံးအချိန်က အသက် 20 ကျော်အရွယ်ကနေ အသက် 30 စွန်းစွန်းအရွယ်ဖြစ်ပါတယ်လို့ သားဖွားနှင့်မီးယပ်ဆိုင်ရာတက္ကသိုလ်မှ မျိုးဆက်ပွားကျန်းမာရေး ပါရဂူဖြစ်တဲ့ Dr. Amin Gorgy က ဆိုထားပါတယ်။ အခုခေတ်မှာ စီးပွားရေး၊ ပညာရေးတွေကို ပိုအာရုံစိုက်ထားရခြင်းကြောင့် အရွယ်လွန်မှအိမ်ထောင်ကျပြီး ကိုယ်၀န်ဆောင်ဖို့ဖြစ်လာတဲ့ အမျိုးသမီးတွေ ထုနဲ့ထေးရှိနေပါတယ်။ အမျိုးသမီးတစ်ဦးရယ်လို့ ဖြစ်လာပြီဆိုကတည်းက မျိုးပွားခြင်းဆိုင်ရာအသိပညာဗဟုသုတတွေကိုတော့ အနည်းနဲ့အများ လေ့လာထားဖို့လိုအပ်တယ်လို့ Dr Amin Gorgy က အကြံပြု ပြောကြားထားပါတယ်။

        အမျိုးသမီးတွေဟာ အသက် 35 နှစ်ကျော်သွားတဲ့အခါ မျိုးအောင်နိုင်ခြေကျဆင်းသွားတတ်ပြီး အသက် 40 ကျော်သွားရင်တော့ သနေ္ဓဆောင်နိုင်ဖို့အခွင့်အလမ်း အတော်နည်းသွားပါပြီ။ အသက် 35 နှစ်ကျော်မှ ကလေးယူလိုတဲ့အမျိုးသမီးတွေအနေနဲ့ ပုံမှန်အနေအထားအတိုင်း ကလေးမရနိုင်တဲ့အခါ IVF ခေါ် ခန္ဓာကိုယ်ပြင်ပတွင် မျိုးအောင်စေခြင်းနည်းဖြင့် သားသမီးယူခြင်းနည်းကိုသုံးပြီး ကလေးရနိုင်တယ်ဆိုပေမယ့် အသက် 40 ရောက်မှ ၄င်းနည်းကိုသုံးပြီး ကလေးယူမယ်ဆိုရင်အောင်မြင်နိုင်ခြေ (20) ရာခိုင်နှုန်းပဲ ရှိမှာဖြစ်ကာ အသက် 45 နှစ်အထက်ဆိုရင်တော့ အောင်မြင်နိုင်ခြေ (1) ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါကြောင့် နည်းပညာတွေ ခေတ်မီလာပါတယ်ဆိုတာတောင် အသက်အရွယ်ပေါ်မူတည်ပြီး အောင်မြင်နိုင်ခြေဟာလည်း အပြောင်းအလဲရှိနေပါတယ်။

        အမျိုးသမီးတွေအနေနဲ့ အသက်ကြီးလာလေ သားဥအရေအတွက် နည်းသွားလေဖြစ်သလို သားဥတွေရဲ့ အရည်အသွေးကလည်း အသက်ငယ်ရွယ်စဉ်အချိန်ကလို မကောင်းတော့ပါဘူး။ ဒီလိုသားဥအရေအတွက်၊ အရည်အသွေးတွေယုတ်လျော့၊ ယိုယွင်းလာခြင်းလာခြင်းရဲ့ရလဒ်အနေနဲ့ ကိုယ်၀န်ဆောင်နိုင်ဖို့ခဲယဉ်းလာပြီး မျိုးဗီဇမူမမှန်ဖြစ်နှုန်းမြင့်လာကာ ကိုယ်၀န်ဆောင်ရရင်တောင် ကိုယ်၀န်ပျက်ကျနိုင်ခြေ အခွင့်အလမ်းကလည်း များသထက်များလာပါတော့တယ်။ မျိုးအောင်နိုင်ခြေကျဆင်းမှုဟာ အမျိုးသားရဲ့ အသက်အရွယ်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့်အသက် 35 နှစ်အရွယ်ကို ကလေးယူဖို့အချိန်နောက်ဆုံးသတ်မှတ်ပြီး သားသားမီးမီးတွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားသင့်ပါပြီလို့ Dr Gorgy က အကြံပြုထားပါတယ်။

       နောက်ပြီးအရွယ်လွန်မှ ကလေးယူတဲ့အခါ မွေးလာတဲ့ကလေးမှာ မျိုးဗီဇချို့ယွင်းတဲ့ရောဂါတွေ ပါလာနိုင်တာ၊ အသက် 50 ကျော်သွားပြီဆို IVF နည်းသုံးပြီး ကလေးယူလို့မရနိုင်တော့မှာ၊ ကလေးတွေကြီးပြင်းလာတဲ့အချိန်အထိ အသက်ရှည်အနာကင်းမဲ့စွာနဲ့ ရှိနေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်ရတဲ့ အချက်တွေအပါအ၀င် နောက်ထပ်ကလေးလိုချင်ပေမယ့်လည်း အသက်ကြီးလွန်းနေပြီဖြစ်တဲ့အတွက် ကလေးမွေးဖို့မဖြစ်နိုင်တော့မှာ စတဲ့အချက်တွေကိုလည်း အလေးအနက်ထားကာ ထည့်သွင်းစဉ်းစားသင့်တယ်လို့ Dr. Gorgy က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

 

CMS (www.drmyanmar.com)