ကိုယ်ဝန်ဆောင်များနဲ့ နွားနို့
ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကလည်း များပြားလှပါတယ်။ ဒီထဲမှာမှ နွားနို့သောက်လို့ရမလားလို့ မေးကြသူတွေကလည်း အများကြီးပါ။ သောက်လို့ရမရကြည့်ကြည့်ကြရအောင်။
လူတိုင်းအတွက် ရေကအကောင်းဆုံးအရည်ဓာတ်လို့ ဆိုပေမယ့် နွားနို့ပုံမှန်ပမာဏလောက်ကလည်း ကလေးအတွက်ရော မေမေတို့အတွက်ပါ ပြည့်စုံတဲ့အာဟာရဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လိုရီနဲ့ခွန်အားတွေပိုလိုအပ်သလို ကယ်ဆီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ဒီတွေလည်း နေ့စဉ်ပိုလိုအပ်နေတယ်နော်။
နွားနို့ပဲသောက်သောက်၊ နို့ထွက်ပစ္စည်းတွေပဲစားစား အဓိကလိုရင်းက နေ့စဉ်လိုအပ်ချက်တွေ ပြည့်စုံဖို့ပါပဲ။
(၁) နွားနို့
နွားနို့ကို အဆီမပါ၊ အဆီလျော့၊ အဆီပြည့် စသဖြင့် အမျိုးမျိုးရရှိနိုင်ပါတယ်။
နွားနိ့၈အောင်စတိုင်းမှာ ပရိုတင်းအသားဓာတ်၈ဂရမ်၊ ကယ်လ်ဆီယမ်၂၅%၊ ဗီတာမင်အေ၁၀%၊ ဖြည့်စွက်ထားတဲ့ ဗီတာမင်ဒီ၂၅%ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေရော၊ အိမ်ကအသက်၂နှစ်အထက် ဘယ်သူမဆို ပြည့်ဝဆီစားသုံးမှုနည်းအောင် အဆီနည်းနွားနို့ကိုသောက်တာ ပိုကောင်းပါတယ်။ အသက်၁နှစ်၂နှစ်ကလေးတွေအတွက်တော့ အာဟာရလိုအပ်ချက်တွေပြည့်ဝအောင် အဆီပြည့်နို့သောက်ဖို့လိုပါတယ်။
အဆီပြည့်နို့နဲ့ အဆီနည်းနို့တွေမှာ တစ်ခြားဓာတ်ပါဝင်နှုန်းတူပေမယ့် အဆီလျော့ချိန်မှာ ဗီတာမင်အေဓာတ်လျော့နည်းသွားတတ်ပါတယ်။
လက်တို့စ်အချိုဓာတ်မတည့်သူတွေအတွက်တော့ နို့မှာပါတဲ့လက်တို့စ်အချိုဓာတ်ကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာမကြေတာ၊ ဝမ်းလျောတာတွေ ဖြစ်လာတတ်ပါတယ်။
နွားနို့မကြိုက်သူတွေ၊ မတည့်သူတွေအတွက်လည်း နွားနို့အစားထိုး ပဲနိ့၊ ဆန်နို့၊ အလ်မွန်နို့၊ သီဟိုဠ်စေ့နို့တွေ၊ ဆိတ်နို့တွေသောက်လို့ရပါတယ်။
(၂) တိရစာၦန်နို့
ဆိတ်နို့မှာ နွားနို့ထက်စာရင် ကယ်လ်ဆီယမ်၊ B6၊ ဗီတာမင် A နဲ့ ပိုတက်ဆီယမ်တွေ အပြင် ကယ်လိုရီနဲ့ ပြည့်ဝဆီတွေပိုပါပေမယ့် B12 တော့ပိုနည်းပါးတာကြောင့် ဆိတ်နို့ကိုရွေးချယ်မယ်ဆိုရင် ဗီတာမင်ဘီ၁၂ဖြည့်စွက်စားဖို့ လိုပါတယ်။
(၃) သစ်ဥသစ်ဖုနို့
ပဲပိစပ်၊ ဆန်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့ကနေထုတ်လုပ်ထားတဲ့နို့တွေဟာ အခုခေတ်စားလာနေပါပြီ။ ဒီနို့တွေဟာ သဘာဝအရကို လက်တို့စ်အချိုဓာတ်မပါဝင်ဘဲ ပါဝင်တဲ့အဆီကလည်း မပြည့်ဝဆီဖြစ်ပါတယ်။ ဒါ့အပြင် သက်သက်လွတ်သမားတွေအတွက်လည်း အဆင်ပြေတယ်နော်။
ဒါပေမယ့် ကယ်လ်ဆီယမ်နဲ့တစ်ခြားဓာတ်တွေ ပါဝင်နှုန်းနည်းပါးပါတယ်။ ဈေးကွက်မှာရောင်းနေတာတွေမှာတော့ အာဟာရဓာတ်တွေဖြည့်စွက်ထည့်ထားတာကို တွေ့ရပါတယ်။
ပဲနို့ : တစ်ခြားသစ်ဥသစ်ဖုနို့တွေထက်စာရင် ပရိုတင်းပိုပါဝင်ပြီး အဆီမပါတဲ့အပြင် ဗနီလာ၊ ချော့ကလက်၊ လက်ဖက်စိမ်းအရသာတွေပါ ဖြည့်စွက်နိုင်ပါတယ်။
လျော်နို့ : နွားနို့လိုပဲ အာဟာရဓာတ်တွေပါဝင်ပြီး ပရိုတင်းတို့၊ အဆီပမာဏတို့တော့ ပိုနည်းပါတယ်။ တစ်အောင်စမှာ ကယ်လိုရီ 80 လောက် ပါဝင်ပါတယ်။
ဆန်နို့၊ အဲလ်မွန်နို့၊ သီဟိုဌ်စေ့နို့ : ပရိုတင်း၊ အဆီ၊ ကယ်လိုရီနဲ့ ဗီတာမင်သတ္တုဓာတ်တွေ အနည်းဆုံးပါပဲ။
လိုအပ်တဲ့အာဟာရဓာတ်တွေကို သောက်တာထက် စားတာမှာပိုအားထည့်ပေးပါ။
အုတ်ဂျုံတို့၊ ဆီရီရယ်မနက်စာတို့နဲ့ နို့ထည့်စားတာမျိုး လုပ်ပေးပါ။ နို့ကိုတော်ရုံသောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။
နို့သောက်ခဲ့ရင်လည်း အဆီနည်းတဲ့အမျိုးအစားကို ရွေးသောက်ပေးပါ။
သကြားမပါတဲ့ အချိုမထည့်ထားတဲ့ အမျိုးအစားကို ရွေးချယ်သောက်သုံးပေးပါ။
နွားနို့၊ ဆိတ်နို့တွေမှာတော့ သဘာဝအချိုပါနေမှာပါပဲ။ ကယ်လဆီယမ်နဲ့ဗီတာမင်ဒီပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပါ။
အထူးသဖြင့် နို့မှာဗီတာမင်ဒီမဖြည့်စွက်ထားရင်ပေါ့။ ငါး(ဆာဒင်းတို့၊ ဆယ်လ်မွန်တို့)၊ အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အသီးအရွက်တွေ များများစားပေးဖို့လိုပါတယ်။
နိ့သောက်မယ်ဆိုရင်လည်း သေချာပိုးသတ်ပေါင်းခံထားတဲ့ နို့မျိုးကိုသာ သောက်သင့်ပါတယ်။ ဒါမှ မေမေဗိုက်တို့အတွက် စိတ်ချရမှာပါနော်။
Dr. Mya Phoo Ngon (drmyanmar.com)
















