ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်လို့ရသလား ?
ကိုယ်ဝန်ဆောင်မိခင်တွေထဲမှာ ကော်ဖီကို အလွန်အမင်းနှစ်ခြိုက်သူတွေ ပါဝင်ကြမှာပါ။ ဒီလိုမိခင်တွေအနေနဲ့ အရင်က ကော်ဖီကို တစ်နေ့တစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက် သောက်လေ့ရှိတယ်ဆိုရင် ကိုယ်ဝန်ရှိလာတဲ့အခါ ကော်ဖီကို လုံးဝဖြတ်လိုက်ဖို့ လိုအပ်သလားဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်။
Obimin 2022 IA 1

အရင်တုန်းကတော့ ကိုယ်ဝန်ရှိပြီဆိုရင် ကော်ဖီအပါအဝင် ကဖင်းဓာတ်ကို လုံးဝမစားသောက်ဖို့ အကြံပြုထားတာကို တွေ့ရပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျွမ်းကျင်ပညာရှင်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ကဖင်းအသင့်အတင့်ပမာဏကို မှီဝဲပေးလို့ရပါတယ်ဆိုပြီး ပြောလာကြပါတယ်။ American College of Obstetricians and Gynecologists (ACOG) ရဲ့ အဆိုပြုချက်အရ ကိုယ်ဝန်ဆောင်မိခင်တို့ မှီဝဲနိုင်တဲ့ စိတ်ချရတဲ့ ကဖင်းဓာတ်ပမာဏဟာ တစ်နေ့ကို (၂၀၀) မီလီဂရမ်ထက် မပိုသင့်ဘူးလို့ သိရပါတယ်။ ဒီပမာဏဟာ (၁၂) အောင်စရှိတဲ့ ကော်ဖီတစ်ခွက် သောက်သုံးခြင်းနဲ့ ညီမျှပါတယ်။ ဒီ့ထက်ပိုများသွားတဲ့အခါ တိတိကျကျတော့ မပြောနိုင်ပေမယ့် ကလေးမှာ သားပျက်သားလျှောဖြစ်ခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း အစရှိတဲ့ပြဿနာတွေ ဖြစ်လာနိုင်သလို အမေအနေနဲ့လည်း မကြာခဏဆီးသွားခြင်း၊ ရင်ပူခြင်း၊ သွေးအားနည်းခြင်း စတဲ့ပြဿနာတွေ ကြုံလာနိုင်ပါတယ်။
Obimin 2022 IA 2

ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်ခြင်းက အကျိုးကျေးဇူး ဖြစ်စေသလားဆိုရင် မေမေတို့ကို တစ်ခဏတာ အားအင်ပြည့်ဝစေပြီး လန်းဆန်းတက်ကြွစေပါလိမ့်မယ်။ ဒါပေမယ့် အားအင်ပြည့်ဝဖို့အတွက် ကော်ဖီကို အလွန်အကျွံသောက်သုံးတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးတွေကို မှီဝဲပေးခြင်းဖြင့်လည်း မေမေတို့ကို အားအင်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တို့အနေနဲ့ ကော်ဖီကို ချင့်ချိန်သောက်သုံးကြဖို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် အကြံပြုချင်ပါတယ်။