ကိုယ်ဝန်ရှိကြောင်းသိနိုင်မည့် လက္ခဏာရပ်များ
ကိုယ်ဝန်ရှိသည့်လက္ခဏာတွေကို ကိုယ်ဝန်ပထမပတ်မှာပဲ စတင်သိရှိနိုင်ပါတယ်။ ပြသတဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမတူညီနိုင်ပါဘူး။ အမျိုးသမီးတစ်ဦးထဲမှာတောင် ကိုယ်ဝန်တစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ရာသီလက္ခဏာများနဲ့ ဆင်တူနေတဲ့အတွက် ခွဲမရတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
(၁) အတွင်းခံပေရုံ သွေးဆင်းခြင်းနဲ့ ဗိုက်နာခြင်း
သန္ဓေသားလောင်းပါတဲ့ ဆဲလ်လုံးလေး သားအိမ်နံရံကို ကပ်တွယ်ခြင်းကြောင့်ဖြစ်ပြီး ကိုယ်ဝန်ပထမပတ်မှ စတုတ္ထပတ်အတွင်းတွေ့ရပါတယ်။
(၂) ရာသီလာရမည့်အချိန်တွင် မလာခြင်း
တစ်လပြည့်သည့်အခါ ရာသီလာရမည်ကို မလာတော့ခြင်း ဖြစ်ပါတယ်။ hCG လို့ခေါ်တဲ့ဟော်မုန်း စတင်ထွက်ရှိပြီး နောက်ထပ် သားဥမကြွေအောင် သားအိမ်ကို ဟန့်တားပေးပါတယ်။
(၃) ပင်ပန်းနွမ်းနယ်ခြင်း
ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ (၄) ပတ်မြောက်ကနေ (၅) ပတ်မြောက်ကာလအတွင်း ခံစားရလေ့ရှိပါတယ်။
(၄) အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ရင်သားများ တင်းပြီး နာကျင်ခြင်း
ကိုယ်ဝန် (၄) ပတ်မှ (၆) ပတ်အတွင်းမှာ ဟော်မုန်းမငြိမ်သက်ခြင်းကြောင့် ဖြစ်ပါတယ်။ နေ့/ညမရွေး ပျို့အန်နိုင်ပြီး (၆) ပတ်ကျော်သွားရင်တော့ သက်သာသွားပါတယ်။
(၅) မကြာခဏ ဆီးသွားခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ Progesterone နဲ့ HCG ဟော်မုန်းတို့ကြောင့် သွေးလှည့်ပတ်မှုများပြီး ကျောက်ကပ်က ဆီးထုတ်လုပ်မှု ပိုများလာခြင်း ဖြစ်ပါတယ်။
(၆) ဝမ်းချုပ်ခြင်း
ကိုယ်ဝန်သည် ၃၈% တွင် တွေ့ရပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် အစာခြေစနစ် နှေးကွေးလာခြင်း ဖြစ်ပါတယ်။
(၇) စိတ်အတက်အကျမြန်ခြင်း
အီစရိုဂျင်နဲ့ ပရိုဂျက်စရုန်း ဟော်မုန်းမြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။
(၈) ခန္ဓာကိုယ် အပူချိန်ပြောင်းလဲခြင်း
လှုပ်ရှားနေလို့ မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် တက်လာတာဟာလည်း ကိုယ်ဝန်ရဲ့လက္ခဏာတစ်ရပ်ပါ။
(၉) သွေးတိုးခြင်း
ကိုယ်ဝန် (၈) ပတ်မှာ သတိထားသင့်ပါတယ်။ သွေးကြောများ ကျယ်လာခြင်းကြောင့်ဖြစ်ပြီး နှလုံးနဲ့ ကျောက်ကပ်ကို ဝန်ပိုပိစေပါတယ်။
(၁၀) ရင်ပူခြင်း
ကိုယ်ဝန်က အစာအိမ်ကို ပင့်တင်ထားတာကြောင့် အစာအိမ်နဲ့ အစာရေမျိုပြွန်ကြားရှိ အဆို့ရှင်မလုံတော့ဘဲ အစာခြေအက်ဆစ်ရည်များ အပေါ်ကိုတက်လာခြင်းကြောင့် ဖြစ်ပါတယ်။
(၁၁) ဝက်ခြံများထွက်ခြင်း
ကျားဟော်မုန်း များလာခြင်းကြောင့် အဆီတွေပိုထွက်စေပြီး ဝက်ခြံများထွက်လာရခြင်း ဖြစ်ပါတယ်။
(၁၂) ကိုယ်အလေးချိန် တိုးလာခြင်း
အဖြစ်များတာကြောင့် အစားအသောက်ကို ချင့်ချိန်စားသုံးဖို့ လိုအပ်ပါတယ်။
(၁၃) အစားရွေးလာခြင်း
ကိုယ်ဝန်ရှိချိန်မှာ အချို့အစားအသောက်တွေရဲ့ အနံ့နဲ့အရသာတွေဟာ သင့်အတွက် ပြောင်းလဲနေပါလိမ့်မယ်။ အဲ့လိုအခါမျိုးမှာ မကြိုက်တာကို ရှောင်ပြီး သင်ကြိုက်နှစ်သက်ပြီး ကျန်းမာရေးနဲ့ သင့်တော်မယ့် အစားမျိုးကို စားပေးနိုင်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
















