ကိုယ်ဝန်ဆောင်စဥ် သွေးပေါင်ကျတာ စိုးရိမ်ရသလား ?
ကိုယ်၀န်ဆောင်စဉ်ကာလအတွင်း သွေးပေါင်ကျခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ အမျိုးသမီးအများစုသည် ကိုယ်၀န်ကြောင့် သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တတ်သည်ကို မသိရှိကြပေ။ ဤသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးကြောများကျယ်လာပြီး သွေးလည်ပတ်မှုစနစ်ကျ ကျယ်ပြန့်လာခြင်းကြောင့်ပင်ဖြစ်ပါသည်။
သွေးပေါင်ချိန်သည် ကိုယ်၀န်ရှိပြီး မကြာမီတွင်စတင်၍ကျဆင်းလာလေ့ရှိပြီး ဒုတိယသုံးလပတ်တွင် အနိမ့်ဆုံးဖြစ်သည်။ ကိုယ်၀န်ဆောင်မိခင်များတွင်ခံစားရသော ရောဂါလက္ခဏာများမှာလည်း မည်သူမဆိုသွေးပေါင်ကျပါက ခံစားရသော ဝေဒနာများနှင့်အတူတူပင်ဖြစ်ပါသည်။ ဖြစ်လေ့ဖြစ်ထရှိသောရောဂါလက္ခဏာများမှာ ခေါင်းမူးခြင်းနှင့် မေ့လဲခြင်းတို့ဖြစ်ပြီး လှဲလျောင်းနေရာမှ ရုတ်တရက်မတ်တပ်ရပ်လိုက်မိပါက အဆိုးဆုံးဖြစ်သည်။
သွေးပေါင်ကျနှုန်းမှာ တစ်ဦးနှင့်တစ်ဦးမတူညီကြသော်ငြားလည်း အပေါ်သွေးမှာ ပုံမှန်ထက် 5-10 မီလီမီတာမာကျူရီ (5-10 mmHg) ထိကျဆင်းလေ့ရှိပြီး အောက်သွေးမှာမူ ပုံမှန်ထက် 15 မီလီမီတာမာကျူရီ (15 mmHg) ထိကျနိုင်ပါသည်။ သွေးပေါင်ကျဆင်းခြင်းမှာ ကိုယ်၀န်ဆောင်ကာလအတွင်းသာဖြစ်၍ ကလေးမွေးဖွားပြီးပါက မူလအခြေအနေသို့ပြန်ရောက်နိုင်ပါသည်။
သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်းကိုခံစားနေရသော ကိုယ်၀န်ဆောင်အမျိုးသမီးများသည် အောက်ပါတို့ကိုပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။
- မူးမေ့လဲမတတ်ခံစားရပါက လဲကျခြင်းမှ ကာကွယ်ရန် ထိုင်နေပါ (သို့) လဲလျောင်းနေပါ။
- လှဲနေရာ (သို့) ထိုင်နေရာမှ ရုတ်တရက်မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။
- နှလုံးသို့သွေးစီးဆင်းမှုကောင်းစေရန် ဘယ်ဘက်သို့စောင်း၍အိပ်ပါ။
အကယ်၍ မသက်သာသည့်အပြင်ပိုမိုဆိုးရွားလာပါက ဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေးရန်မှာ အရေးကြီးလှပါသည်။ သွေးထွက်ခြင်း၊ အလွန်အမင်းခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမ၀ခြင်း၊ ထုံကျင်အားနည်းခြင်း (အထူးသဖြင့် ခန္ဓာကိုယ်တခြမ်းတည်း) စသော အခြားအရေးပေါ်အခြေအနေများကြောင့် မူးဝေခြင်းနှင့် သတိလစ်ခြင်းတို့ကိုခံစားရပါက ကုသမှုကိုချက်ချင်းခံယူပါ။
Dr. Thinzar Wynn (www.drmyanmar.com)