/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ထပ်ရဖို့-ဘာလို့ခက်နေတာလဲ

ကိုယ်၀န်ထပ်ရဖို့ ဘာလို့ခက်နေတာလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          စုံတွဲအများစုအတွက် ဒုတိယအကြိမ်သနေ္ဓတည်အောင် ကြိုးစားရာမှာ မခက်ခဲလှသော်လည်း အချို့အတွက်မူ များစွာ ခက်ခဲတတ်ကြောင်း အမျိုးသားကျန်းမာရေးဌာန ကျန်းမာရေးစစ်တမ်းများအရသိရပါတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရတာပါလဲ။ လေ့လာကြည့်လိုက်ရအောင်…

1. အသက် 35 နှစ်အထက် အမျိုးသမီးတစ်ဦးဖြစ်ခြင်း

        အမျိုးသမီးတစ်ဦးအတွက် ကိုယ်ဝန်ဆောင်ဖို့အခွင့်အလမ်းကို များစွာလွှမ်းမိုးနေတဲ့အချက်များအနက် အရေးကြီးဆုံးမှာ သူမ၏အသက်အရွယ်ဖြစ်တယ်ဆိုရင် အံ့သြစရာမလိုပါဘူး။ အသက် 30 နောက်ပိုင်းအမျိုးသမီးများတွင် ဒုတိယအကြိမ်မြောက် ကိုယ်ဝန်ဆောင်နိုင်ရခြင်းမှာ အသက်အရွယ်ကြီးလာသည်နှင့်အမျှ မျိုးဥတွေနည်းပါးလာတာကြောင့်ပဲဖြစ်ပါတယ်။

          ထို့ပြင် အသက်ကြီးလာသည်နှင့်တစ်ပြိုင်နက် ဟော်မုန်းအပြောင်းအလဲနဲ့ အချို့ရောဂါတွေဖြစ်ပွားမှုနှုန်းမြင့်တက်လာခြင်းဟာလည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဟာ ဒုတိယအကြိမ်ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုပါက စိတ်ဓာတ်မကျသင့်ပါ။ ကိုယ်ဝန်တည်နိုင်ဖို့အချိန်ကြာမြင့်ခြင်းဟာ ကိုယ်ဝန်နောက်တစ်ကြိမ်ထပ်မရနိုင်ဘူးလို့ မဆိုလိုပါဘူး။

2. သုတ်ပိုးအရေအတွက်နည်းနေတဲ့ အမျိုးသားတစ်ဦးဖြစ်ခြင်း

        အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ဆေးဝါးများဟာ တစ်ခါတရံမှာ သုတ်ပိုးအရေအတွက်နဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် တင်းကြပ်လွန်းတဲ့ အတွင်းခံတွေကြောင့်လည်း ေ၀ှးစေ့တွေကို ပူစေပြီး သုတ်ပိုးအရေအတွက်ကို ထိခိုက်စေနိုင်ပါတယ်။

3. သားဥအိမ်တွင် ရေအိတ်များစွာရှိခြင်း (Polycystic Ovarian Syndrome)

        ၎င်းရောဂါကြောင့် ဟော်မုန်းပမာဏ ညီမျှခြေအနေအထားမှာ မရှိတော့ဘဲ သားဥကြွေခြင်းကို အနှောင့်အယှက်ဖြစ်စေတာကြောင့် မျိုးမအောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အကယ်၍ ဓမ္မတာမမှန်ပါက ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်၍ မိမိ၌ရောဂါရှိ/မရှိကို သေချာစွာစစ်ဆေးသင့်ပါတယ်။

4. အဝလွန်ခြင်း

        အမျိုးသားရော အမျိုးသမီးမှာပါ အဝလွန်နေပါက သနေ္ဓတည်အောင်စွမ်းဆောင်ရန်မှာ စိတ်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးများတွင် ကိုယ်အလေးချိန်တိုးလာပါက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေရုံသာမက ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်းများမြင့်တက်လာတာကြောင့် မျိုးဥကြွေခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် သနေ္ဓတွယ်ကပ်မှုနှုန်းဟာလည်း ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက်စာရင် ပိုမိုလျော့နည်းကြောင်းသိရပါတယ်။

          အမျိုးသားများတွင်မူ ကိုယ်အလေးချိန်မြင့်တက်လာပါက မိန်းမဟော်မုန်းတက်လာပြီး သုတ်ပိုးအရေအတွက်ကိုလျော့ကျစေပါတယ်။

5. အရက်အလွန်အကျွံသောက်သုံးခြင်း

        အမျိုးသားတစ်ဦး (သို့) အမျိုးသမီးတစ်ဦးသည် အရက်အလွန်အကျွံသောက်သုံးပါက သနေ္ဓတည်နိုင်ရန် အခက်အခဲများစွာကြုံတွေ့ရနိုင်ပါတယ်။

          အမျိ်ုးသမီးတစ်ဦးသည် တစ်နေ့လျှင် အရက်နှစ်ဖန်ခွက်ထက်ပိုမိုသောက်သုံးပါက သနေ္ဓတည်နိုင်ရန် ကြာစေနိုင်တဲ့အပြင် ကျန်းမာသန်စွမ်းတဲ့ကလေးငယ်ကို မွေးဖွားသန့်စင်နိုင်ဖို့ အခွင့်အလမ်းပါ လျော့နည်းစေနိုင်ပါတယ်။

          သနေ္ဓတည်နိုင်အောင်ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးဖြစ်ပါက အရက်အနည်းငယ်သောက်ခြင်းသည် အကျိုးရှိတာမှန်သော်ငြားလည်း အလွန်အကျွံသောက်သုံးပါက ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သုတ်ပိုးထုတ်လုပ်ခြင်းကို ကျဆင်းစေပါတယ်။

6. ဆေးလိပ်သောက်ခြင်း

        ဆေးလိပ်သောက်ခြင်းဟာ မကောင်းမှန်းသိကြပေမယ့်လည်း မျိုးအောင်နိုင်ခြင်းအပေါ် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ မျိုးအောင်နိုင်မှုစွမ်းရည်ကျဆင်းလာတာကိုတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ မျိုးဥတွေကို ပျက်စီးစေပြီး သားဥကြွေခြင်းပြဿနာတွေကို ဖြစ်စေလို့ပါပဲ။

          သုတေသနပြုလုပ်ချက်တွေအရ အမျိုးသားတွေမှာလည်း ဆေးလိပ်သောက်ခြင်းကြောင့် သုတ်ပိုးမျိုးရိုးဗီဇတွေကို ပျက်စီးစေနိုင်ပါတယ်။

မှာချင်တာကတော့-

1. ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေပါက ဦးစွာပထမစိတ်ကိုလျော့ချ၍ ပူပန်သောကမရှိအောင်နေပါ။

2. ဒါပေမယ့် တစ်နှစ်ကျော်လောက်ကြိုးစားပြီးသည်အထိ မထူးခြားပါက သားဖွားနှင့် မီးယပ်ဆရာဝန်ကြီးနှင့် သွားရောက်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

3. အကယ်၍ အသက် 36 နှစ်အထက်ဖြစ်ပါက 3-4 လကြာသည်အထိ မအောင်မြင်ပါက ဆရာဝန်နှင့်ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com