/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကြောက်စရာကောင်းတဲ့-ကိုယ်ဝန်ဆောင်ဆီးချို

ကြောက်စရာကောင်းတဲ့ ကိုယ်ဝန်ဆောင်ဆီးချို

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းအချိုဓာတ် တက်လာပြီး ကလေးမွေးပြီးချိန်မှာ ပြန်ကျသွားတဲ့အခြေအနေတစ်မျိုးပါ။
ကိုယ်ဝန်ဆောင် ဘယ်ကာလမှာမဆို ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင် ဒုတိယနဲ့တတိယကာလမှာ ပိုအဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းအချိုဓာတ် ထိန်းညှိပေးမယ့် အင်ဆူလင်ဓာတ်ကို ပိုလိုအပ်သလောက်ကို ကိုယ်ခန္ဓာက လိုက်မထုတ်ပေးနိုင်တာကြောင့် ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုဟာ ကိုယ်ဝန်ဆောင်ချိန်မှာရော၊ ကလေးမွေးပြီးနောက်ပိုင်းမှာပါ မိခင်ရောကလေးမှာပါ ပြဿနာပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို စောစောစီးစီးသိရှိပြီး ထိန်းချုပ်နိုင်မယ်ဆိုမှသာ အန္တရာယ်ကို လျှော့ချနိုင်ပါမယ်။

>>  ဘယ်သူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်မလဲ?
အမျိုးသမီးတိုင်းမှာ ကိုယ်ဝန်ဆောင်ဆီးချို ရှိနိုင်ပေမယ့် ဒါတွေရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
●  ကိုယ်အလေးချိန်နဲ့အရပ် မျှချေကိန်း ၃၀ ကျော်နေခြင်း (အဝလွန်ခြင်း)
●  ယခင်ကလေးတုန်းက မွေးကင်းစ ကိုယ်အလေးချိန် ၄.၅ ကီလိုဂရမ် (၁၀ ပေါင်) ကျော်ခြင်း
●  ယခင်ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း
●  မိဘ၊ မောင်နှမ တစ်ယောက်ယောက်မှာ ဆီးချိုရောဂါရှိခြင်း
●  တောင်အာရှတိုက်သား၊ လူမည်း၊ အာဖရိကန်ကရေဘီယန်သား၊ အရှေ့အလယ်ပိုင်းသားဖြစ်ခြင်း စတဲ့ အချက်တွေရှိနေရင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

>>  ကိုယ်ဝန်ဆောင်ဆီးချိုရဲ့ လက္ခဏာရပ်များ
ကိုယ်ဝန်ဆောင်ဆီးချိုဟာ ယေဘုယျအားဖြင့်တော့ လက္ခဏာမပြတတ်ကြပါဘူး။ ဆီးချို ရှိ၊ မရှိ သွေးဖောက်စစ်ကြည့်ရင်းကမှ ဆီးချိုရှိတာကို သိတာများပါတယ်။ တချို့အမျိုးသမီးတွေမှာ သွေးတွင်းအချိုဓာတ် တအားတက်တော့မှသာ -
●  ရေဆာခြင်း
●  မကြာမကြာဆီးသွားချင်ခြင်း
●  အာခြောက်ခြင်း
●  နုံးခြင်း စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ဒီထဲက တချို့လက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဖြစ်လေ့ရှိတတ်တာမို့ ဒီလက္ခဏာတွေရှိတိုင်း ကိုယ်ဝန်ဆောင်ဆီးချိုလို့ ပြောမရပါဘူး။ စိတ်ပူတယ်ဆိုရင် ဆရာဝန်ဆရာမတွေနဲ့ တိုင်ပင်ပြသပါ။

>>  ကိုယ်ဝန်ဆောင်ဆီးချိုက ကိုယ်ဝန်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ?
ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ အမျိုးသမီး အတော်များများဟာ ပုံမှန်ကိုယ်ဝန်နဲ့ ကျန်းမာတဲ့ကလေးလေးတွေကို ဖွားမြင်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ဆောင်ဆီးချိုဟာ ဒါတွေလည်း ဖြစ်တတ်ပါသေးတယ်။
●  ကလေး ပုံမှန်ထက်ကြီးနေခြင်း : ကလေးမွေးတဲ့အချိန်မှာ ခက်ခဲစေပြီးတော့ သားအိမ်ညှစ်အောင် ဆေးသွင်းရတာ၊ ခွဲမွေးရတာတွေ ဖြစ်စေနိုင်ပါတယ်။
●  သားအိမ်ရေမြွာရေများခြင်း : သားအိမ်ထဲမှာ ရေမြွာရည်များခြင်းဟာ ကလေးစောမွေးတာ၊ ကလေးမွေးချိန်မှာ ပြဿနာဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။
●  ကလေးစောမွေးခြင်း : ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ ကလေးမွေးတာမျိုး ဖြစ်တတ်ပါတယ်။
●  ကိုယ်ဝန်ဆိပ်တက်ခြင်း : ကိုယ်ဝန်ဆောင်စဉ် သွေးတိုးပြီးတော့ မကုဘဲထားရင် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
●  မွေးလာတဲ့ကလေးမှာ သွေးတွင်းအချိုဓာတ်ကျပြီး အသားဝါတာကြောင့် ဆေးရုံတက်ပြီး ကုသဖို့လိုနိုင်ခြင်း
●  ကလေးပျက်ကျခြင်း : ရှားပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်ခြင်းကြောင့် နောက်ပိုင်းမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။

>>  ကိုယ်ဝန်ဆောင်ဆီးချို ရှိ၊ မရှိ စစ်ဆေးခြင်း
ကိုယ်ဝန် ၈-၁၂ပတ်အတွင်းမှာ ပထမဆုံးအကြိမ် ကိုယ်ဝန်အပ်တဲ့အချိန်မှာ ဆရာဝန်၊ ဆရာမတွေက မေးခွန်းတွေမေးပြီး ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ ရှိ၊ မရှိကို စစ်ဆေးပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ တစ်ချက်၊ နှစ်ချက်ရှိရုံနဲ့တင် စစ်ဆေးဖို့ လိုအပ်ပါတယ်။
စစ်ဆေးနည်းကိုတော့ ဂလူ့ကိုစ်တိုက်ပြီး သွေးတွင်းအချိုဓာတ်စစ်ဆေးခြင်းလို့ခေါ်ပြီး ၂ နာရီခန့် ကြာပါတယ်။
●  ၈-၁၀နာရီခန့် ဘာမှမစား၊ မသောက်ရသေးခင် သွေးတွင်းအချိုဓာတ်တစ်ကြိမ် စစ်ဆေးပါမယ်။ ပြီးရင်တော့ ဂလူ့ကိုစ်အချိုရည် တိုက်ပါမယ်။
●  နောက်နှစ်နာရီလောက် ကြာတဲ့အခါ သွေးတွင်းအချိုဓာတ် နောက်တစ်ကြိမ် စစ်ဆေးပါမယ်။
●  ဒီစစ်ဆေးမှုကို ၂၄-၂၈ ပတ် ကိုယ်ဝန်ကာလမှာ လုပ်ပေးရပါမယ်။ အရင်ကလည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတယ်ဆိုရင် ကိုယ်ဝန်စအပ်ကတည်းက စောစောစီးစီးစစ်ဆေးဖို့ လိုပါတယ်။ အကယ်၍ ဒီအချိန်မှာ ပုံမှန်ဖြစ်နေရင်တော့ ၂၄-၂၈ ပတ်မှာ တစ်ကြိမ ်ထပ်စစ်ကြည့်ရပါမယ်။

>>  ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုသကြမလဲ?
အဓိကကတော့ သွေးတွင်းအချိုဓာတ်ကို သေချာထိန်းညှိဖို့ပါပဲ။
ကုထုံးက ထိရောက်မှု ရှိ၊ မရှိကို သွေးတွင်းအချိုဓာတ်စစ်တဲ့ကိရိယာလေးနဲ့ စစ်ဆေးကြည့်နေဖို့ လိုပါတယ်။
အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပြောင်းလဲခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းနိုင်ပါတယ်။ ဒါနဲ့မှ မထိန်းနိုင်ရင်တော့ ဆေးလိုပါတယ်။ သောက်ဆေးသော်လည်းကောင်း၊ အင်ဆူလင်ထိုးဆေးသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်၊ မနိုင် သိစေနိုင်ဖို့ ကိုယ်ဝန်တောက်လျှောက်ရော၊ ကလေးမွေးချိန်မှာပါ စောင့်ကြည့်နေဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုရှိရင် ကိုယ်ဝန် ၄၁ ပတ်မတိုင်ခင် မွေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအချိန်မှာမှ ကလေးမမွေးသေးရင်တော့ သားအိမ်ပွင့်ဆေးနဲ့ မွေးတာတို့၊ ခွဲမွေးတာတို့ လုပ်ဖို့လိုပါတယ်။

>>  ကိုယ်ဝန်ဆောင်ဆီးချိုရဲ့ နောက်ဆက်တွဲများ
ကလေးမွေးပြီးသွားရင်တော့ ပျောက်သွားတာ များပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူအမျိုးသမီးတွေမှာ -
●  နောက်ကိုယ်ဝန်မှာ ဆီးချိုဖြစ်နိုင်ခြေရှိခြင်း
●  နောက်ပိုင်းမှာ ဆီးချိုအမျိုးအစား-၂ ဖြစ်နိုင်ခြေရှိခြင်း
စတာတွေ ရှိနိုင်ပါတယ်။

ဆီးချို ရှိ၊ မရှိကို ကလေးမွေးပြီး ၆-၁၃ ပတ်မှာတစ်ကြိမ် စစ်ဆေးပြီး ဒီအကြိမ်မှာမရှိဘူးဆိုရင် နောက်ပိုင်း တစ်နှစ်ကိုတစ်ကြိမ် စစ်ဆေးဖို့ လိုပါတယ်။
သွေးတွင်းအချိုဓာတ် များတာကြောင့် ရေဆာခြင်း၊ မကြာမကြာဆီးသွားခြင်း၊ အာခြောက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ နောက်တစ်ကြိမ် ရက်ချိန်းမစောင့်ဘဲ စစ်ဆေးဖို့လိုပါတယ်။

ဆီးချိုရှိသူတွေဟာ လက္ခဏာပြလေ့မရှိတာမို့ ဘာလက္ခဏာမှမရှိရင်တောင် ပုံမှန်တော့ စစ်ဆေးဖို့ လိုပါတယ်နော်။
လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ သွေးတွင်းအချိုဓာတ်မတက်အောင် ထိန်းနိုင်ပါတယ်။
တချို့လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ဆီးချိုရှိသူတွေရဲ့ ကလေးတွေဟာလည်း နောက်ပိုင်းမှာ ဆီးချိုဖြစ်တာ၊ အဝလွန်တာတွေ ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

>>  ကိုယ်ဝန်နောက်တစ်ကြိမ်ဆောင်တဲ့အခါ
အရင်က ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးပြီး ကိုယ်ဝန် နောက်တစ်ကြိမ် ဆောင်တော့မယ်ဆိုရင် သွေးတွင်းအချိုဓာတ် စစ်ဆေးကြည့်ဖို့လိုပါတယ်။
အကယ်၍ ဆီးချိုရှိနေရင် ကိုယ်ဝန်မဆောင်ခင်မှာ ဆီးချိုဆရာဝန်နဲ့ အရင်ပြသဖို့လိုပါတယ်။
မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ဖြစ်သွားရင်လည်း ဆရာဝန်နဲ့ပြတဲ့အခါ အရင်ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတယ်ဆိုတာ ပြောပြဖို့လိုပါလိမ့်မယ်။
ဆီးချိုရှိမနေရင်တောင် ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာတစ်ကြိမ်၊ ဒီမှာလည်းမရှိဘူးဆိုရင် ၂၄-၂၈ ပတ်မှာတစ်ကြိမ် ဆီးချိုစစ်ဆေးဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ရင်လည်း မိမိဘာသာ ဆီးချိုစက်ကလေးနဲ့ စစ်ဆေးကြည့်နေဖို့လည်း လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)