/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/သတိထားရမယ့်-ကိုယ်ဝန်ဆောင်ဆီးချို-နှစ်မျိုးနှစ်စား

သတိထားရမယ့် ကိုယ်ဝန်ဆောင်ဆီးချို နှစ်မျိုးနှစ်စား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>>  ကိုယ်ဝန်ဆောင် ဆီးချိုရောဂါက ၂ မျိုး ရှိတတ်ပါတယ်။
၁။  ယခင်က ဆီးချိုရောဂါမရှိဘဲ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ခန္ဓာကိုယ်က အင်ဆူလင်မတိုးတော့ဘဲ ဖြစ်လာတဲ့ ဆီးချိုရောဂါရယ်၊
၂။  ကိုယ်ဝန်မဆောင်ခင် အရင်ထဲက ဆီးချိုရောဂါရှိပြီးသားရယ် ဖြစ်ပါတယ်။
နှစ်ခုလုံးက ကလေးအတွက် အန္တရာယ်ရှိတာမို့ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် ဆီးချိုရောဂါကို သေချာထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။

>>  ဘာလို့ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါရှိတာက အရေးကြီးတာလဲ?
မိခင်ဆီက ပိုလျှံနေတဲ့သကြားဓာတ်တွေဟာ ဗိုက်ထဲက သန္ဓေသားဆီ ရောက်သွားပြီး သန္ဓေသားလေးက အင်ဆူလင်တွေ အလွန်အကျွံ ထုတ်မယ်၊ အဆီတွေ၊ တစ်သျှူးတွေ တိုးလာတာမျိုး ဖြစ်လာပါတယ်။ ဒီအခါမှာ ကလေးက ရှိသင့်တဲ့အရွယ်ထက် ပိုကြီးလာတာကို တွေ့ရပါတယ်။
ဆီးချိုရောဂါရှိတဲ့ အမေကမွေးတဲ့ ကလေးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားချိန်မှာပါ အန္တရာယ်များပါတယ်။ အင်္ဂါချို့ယွင်းတာ၊ ကလေးအသေမွေးတာ စတာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှ ဆီးချို စဖြစ်တဲ့ မိခင်တွေမှာတော့ သန္ဓေသားက ကိုယ်လက်အင်္ဂါ စုံလင်ပါတယ်။ ဘာလို့ဆို ကလေးရဲ့ ကိုယ်တွင်းကလီစာတွေ စတင်ဖွံ့ဖြိုးတဲ့ ပထမ ၃ လမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ပဲရှိနေသေးလို့ပါ။ မွေးခါနီးနဲ့ မွေးပြီးစအချိန်တွေမှာတော့ ဒါတွေဖြစ်တတ်ပါတယ်။

●  သွေးတွင်းသကြားဓာတ်ကျတာ
မွေးပြီးပြီးချင်း အချိန်မှာ ဖြစ်တတ်ပါတယ်။ အမေက ဆီးချိုကို မထိန်းနိုင်ဘဲ သွေးတွင်းသကြားဓာတ်တွေ တောက်လျောက်တက်နေတဲ့အခါ ကလေးရဲ့ သွေးထဲမှာ အင်ဆူလင်တွေ အများကြီး ထွက်စေတာကြောင့် ဖြစ်ပါတယ်။ မွေးပြီးချိန်မှာ အင်ဆူလင်ကတော့ များနေဆဲပေမယ့် အမေ့ဆီက သကြားဓာတ် များများမရတော့တဲ့အခါ သွေးတွင်းသကြားဓာတ် အရမ်းကျဆင်းလာပါတော့တယ်။ မွေးပြီးပြီးချင်း သကြားဓာတ်ကို စစ်ဆေးပြီး လိုအပ်ရင် ဆေးထိုးပေးရပါတယ်။

●  ကိုယ်ခန္ဓာ ကြီးမားတာ
မိခင်သွေးထဲက သကြားဓာတ်တွေ သန္ဓေသားဆီရောက်တဲ့အခါ သန္ဓေသားက ဒီသကြားဓာတ်ကို သုံးဖို့ အင်ဆူလင် များများထုတ်ရပါတယ်။ ပိုနေတဲ့သကြားဓာတ်တွေကို အဆီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အမေဆီးက ပိုလွန်နေတဲ့ သကြားဓာတ်တွေ၊ ကလေးဆီက အင်ဆူလင်တွေ ပေါင်းပြီး သန္ဓေသားဟာ အရမ်းကို ကြီးထွားလာပါတော့တယ်။

●  မွေးဖွားနေစဉ် ထိခိုက်ဒဏ်ရာရတာ
ကြီးမားတဲ့အရွယ်အစားကြောင့် မွေးဖွားရခက်ခဲပြီး ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

●  အသက်ရှူလမ်းကြောင်း ကောင်းကောင်းမဖွံ့ဖြိုးတာ
အင်ဆူလင်တွေ များလွန်းတာကြောင့် အဆုတ်ကောင်းကောင်း ဖွံ့ဖြိုးပြီး အသက်ရှူနိုင်အောင် လုပ်ပေးတဲ့ ဓာတ်တစ်မျိုးထွက်တာ နောက်ကျစေတာကြောင့် ဖြစ်ပါတယ်။

>>  ဘယ်လိုကုသရမလဲ?
●  ကလေးရဲ့သကြားဓာတ်ကို တိုင်းတာနေရမယ်။
●  လိုအပ်ရင် သကြားဓာတ်ကို ပါးစပ်ကဖြစ်ဖြစ်၊ ဆေးထိုးပြီးပဲဖြစ်ဖြစ် ပေးရပါမယ်။
●  ကယ်လ်စီယမ်ဓာတ် နည်းနေတာဆိုတာ စစ်ဆေးရမယ်။
●  လိုအပ်ရင် အောက်ဆီဂျင်ပေး၊ အသက်ရှူစက် တပ်ရပါမယ်။
●  မွေးဖွားစဉ် ရရှိတဲ့ထိခိုက်ဒဏ်ရာကို လိုအပ်သလို ကုသပေးရပါမယ်။

>>  ဘယ်လိုကာကွယ်လို့ရလဲ?
အဓိက,က ကိုယ်ဝန်ဆောင်မှာရှိတဲ့ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။ ဆေးမှန်မှန်သောက်၊ အင်ဆူလင်ထိုးဖို့ လိုအပ်ရင် မှန်မှန်ထိုး ၊ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)