အရေပြားလေးဖက်နာရှိသူတွေ ကိုယ်ဝန်ဆောင်တဲ့အခါ
အရေပြားလေးဖက်နာရှိတဲ့ အမျိုးသမီးတွေဟာလည်း ကိုယ်ဝန်ဆောင်နိုင်ပြီး အများစုဟာ ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်၊ ကလေး မွေးနိုင်ကြပါတယ်။ ဒါပေမဲ့ အရေပြားလေးဖက်နာရှိတဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ သတိထားရမယ့် ကိုယ်ဝန်ဆောင်တွေလို့ သတ်မှတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ထက် ကိုယ်ဝန်ဆောင်ပြဿနာတွေ ပိုဖြစ်နိုင်လို့ပါပဲ။
>> အရေပြားလေးဖက်နာလည်း ရှိတယ်၊ ကလေးလည်း လိုချင်တယ်။ ကိုယ်ဝန်ဆောင်ဖို့ စိတ်ချရလို့လား?
ရပါတယ်။ ရောဂါကိုသာ သေချာထိန်းချုပ်ထားနိုင်မယ်ဆိုရင် အရေပြားလေးဖက်နာရှိတဲ့ အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်ဖို့ စိတ်ချရပါတယ်။ ရောဂါကိုသာ သေချာထိန်းချုပ်ထားနိုင်မယ်ဆိုရင် ကိုယ်ဝန်ကြောင့် ရောဂါထကြွတယ်ရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မယ်ဆိုရင်တော့ ကိုယ်ဝန်မယူခင်ကတည်းက သေချာစီစဉ်ရပါမယ်။
ကိုယ်ဝန်မဆောင်ခင် ၆ လလောက်ကြိုပြီးတော့ ရောဂါကို ထိန်းထားဖို့လိုပါတယ်။ ရောဂါဆိုးနေချိန် ကိုယ်ဝန်ဆောင်ခြင်းဟာ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေလေးမွေးတာအပြင် မိခင်ရော ကလေးရောမှာ ကျန်းမာရေးနောက်ဆက်တွဲတွေ ဖြစ်စေတတ်ပါတယ်။
Obimin 1

တချို့အရေပြားလေးဖက်နာအမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ဆောင်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ဘယ်လိုအမျိုးသမီးတွေလဲဆိုရင် သွေးတိုးနေသူ၊ အဆုတ်ရောဂါရှိသူ၊ နှလုံးပျက်နေသူ၊ ကျောက်ကပ်ပျက်နေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ ကိုယ်ဝန်ဆိပ်တက်ဖူးသူစတဲ့ အမျိုးသမီးတွေပါပဲ။ ၆ လအတွင်းမှာ လေဖြတ်ဖူးသူ၊ အရေပြားလေးဖက်နာ ထကြွသူတွေလည်း ပါဝင်ပါတယ်။
အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်တွေကို ကောင်းကောင်းကုသနိုင်ပြီး လေးဖက်နာဆရာဝန်နဲ့ လက်တွဲကုသနိုင်မယ့် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။
>> ကိုယ်ဝန်က အရေပြားလေးဖက်နာကို ဘယ်လိုထိခိုက်နိုင်ပါသလဲ?
အရေပြားလေးဖက်နာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တချို့ကိုယ်ဝန်နောက်ဆက်တွဲတွေ ပိုဖြစ်နိုင်ပါတယ်။
1. ကိုယ်ဝန်ဆောင်စဉ် အရေပြားလေးဖက်နာ ထကြွနိုင်ပါတယ်။ ကိုယ်ဝန် ပထမနဲ့ ဒုတိယကာလတွေမှာ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ အပျော့စားကြွတာလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ တချို့ရောဂါကြွတာမျိုးက ဆေး ချက်ချင်းသောက်ရင်သောက်၊ မသောက်ရင် ကလေး စောမွေးတာမျိုး ဖြစ်တတ်ပါတယ်။ အရေပြားလေးဖက်နာထကြွတဲ့ အကြိုလက္ခဏာတွေရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။
2. အရေပြားလေးဖက်နာ ကိုယ်ဝန်ဆောင် ၁၀ ယောက်မှာ ၂ ယောက်လောက်က ကိုယ်ဝန်ဆိပ်တက် တတ်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်ဖူးတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုရင် ရုတ်တရက် ကိုယ်အလေးချိန်တွေ တိုးလာတာ၊ မျက်နှာတွေ ခြေလက်တွေ ဖောရောင်လာတာ၊ အမြင်ဝေဝါးတာ၊ မူးဝေတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးကို စောမွေးဖို့ လိုနိုင်ပါတယ်။
3. ကိုယ်ဝန်ဆောင်ခြင်းက တခြားပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် စတီးရွိုက်ဆေး သောက်နေရတဲ့ အရေပြားလေးဖက်နာ ကိုယ်ဝန်ဆောင်တွေမှာပါ။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အစားအသောက်ကို သေချာချင့်ချိန်စားသုံးပေးရင်လည်း ဒီပြဿနာတွေကို ရှောင်လွှားနိုင်ပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြမှသာလျှင် ဒီလိုပြဿနာတွေကို စောစောသိ၊ စောစောကုသနိုင်ပြီး အမေရော ကလေးပါ ကျန်းမာမှာပါ။
Obimin 2

>> ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ဟာက ရောဂါ၊ ဘယ်ဟာက ရောဂါထကြွနေတာရယ်လို့ ဘယ်လိုခွဲခြားသိရှိနိုင်ပါမလဲ?
မိမိဘာသာတော့ ခွဲခြားသိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လက္ခဏာအသစ် တစ်ခုခုပေါ်လာရင် ဆရာဝန်ကို ပြောပြပါ။ ဒါမှ ရောဂါကြောင့်လား၊ ကိုယ်ဝန်ကြောင့်လားဆိုတာကို ခွဲခြားသိနိုင်မှာပါ။ ဒါမှသာ ရောဂါထကြွတာဆိုရင် ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
>> အရေပြားလေးဖက်နာရောဂါရှိသူ ကိုယ်ဝန်ဆောင်ရင် ကလေးကရော ကျန်းမာနိုင်ပါ့မလား?
များသောအားဖြင့် ကျန်းကျန်းမာမာလေးတွေပါပဲ။
ရှားရှားပါးပါး မွေးကင်းစ အရေပြားလေးဖက်နာဆိုတဲ့ အခြေအနေတစ်မျိုး ဖြစ်နိုင်ပါတယ်။ မိခင်သွေးထဲမှာရှိတဲ့ တချို့အင်တီဘော်ဒီတွေက ကလေးမှာ အရေပြားလေးဖက်နာ ဖြစ်စေနိုင်ပါတယ်။ မွေးကင်းစမှာ ဒီလိုကလေးတွေဟာ အရေပြားအနီကွက်တွေဖြစ်တာ၊ အသည်းပြဿနာတွေဖြစ်တာ၊ သွေးဆဲလ်တွေနည်းတာတွေ ဖြစ်တတ်ပါတယ်။
အရေပြားလေးဖက်နာကလေးတွေမှာ မွေးရာပါနှလုံးနဲ့ ပတ်သက်တဲ့ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ ၃-၆ လလောက်မှာတင် ပျောက်ကင်းသွားပြီး ပြန်လည်းဖြစ်လေ့မရှိပါဘူး။
ဆရာဝန်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို မွေးကင်းစအရေပြားလေးဖက်နာ ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။ မွေးချိန်ကစ၊ ဒါမှမဟုတ် မမွေးခင်ကတည်းက ကုသမှုစတင်မှာပါ။
>> အရေပြားလေးဖက်နာရှိရင် ကလေး နို့တိုက်လို့ရပါ့မလား?
တိုက်လို့ရပါတယ်။ ဒါပေမဲ့ တချို့ဆေးတွေက မိခင်နို့မှတစ်ဆင့် ကလေးဆီကို ရောက်နိုင်ပါတယ်။ ဆရာဝန်ပေးတဲ့ဆေးက နို့ရည်ထဲမှာ ပါနိုင်၊ မနိုင် သေချာတိုင်ပင်မေးမြန်းပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















