အသက် (၃၅) နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်ရင် ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ ?
အသက် 35 နှစ်နောက်ပိုင်းမှ ကိုယ်၀န်ဆောင်ရန်စဉ်းစားနေပါသလား? ဤကဲ့သို့ဆိုပါက အသက်ကြီးမှ ကိုယ်၀န်ဆောင်ခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုယ်၀န်ကိုမည်ကဲ့သို့ထိန်းသိမ်းသင့်သည်ကိုသိရှိရန်မှာ အရေးကြီးလှပါသည်။ အကယ်၍သင်သည် အသက် 35 နှစ်ကျော်မှ ကိုယ်၀န်ဆောင်သော်ငြားလည်း ကျန်းမာသန်စွမ်း၍ ချစ်စရာကလေးငယ်များကို မွေးဖွားနိုင်ရန်အခွင့်အလမ်းများစွာရှိနေပါသေးသည်။ သင့်၏ကလေးငယ်အတွက် အကောင်းဆုံးဘ၀ခရီးကိုစတင်နိုင်ရန် အထူးကြိုတင်ပြင်ဆင်မှုများကိုမူ ပြုလုပ်ထားသင့်ပါသည်။
1. ဖြစ်နိုင်ခြေများကို နားလည်ထားခြင်း
အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ပြောင်းလဲလာသောဇီ၀ဖြစ်စဉ်များကို တားဆီး၍မရနိုင်သော်လည်း ဖြစ်နိုင်ခြေအမျိုးမျိုးကို ကြိုတင်တွက်ဆထားရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် - ကိုယ်၀န်ရရန်ကြန့်ကြာနိုင်ခြင်း - အသက် 30 နောက်ပိုင်းတွင် မျိုးဥအရေအတွက်နှင့် မျိုးအောင်နိုင်မှုစွမ်းရည်မှာ တဖြည်းဖြည်းကျဆင်းလာပါသည်။ အကယ်၍သင်သည် အသက် 35 နှစ်အထက်ဖြစ်ပြီး ကိုယ်၀န်မရနိုင်ခြင်းမှာ 6 လထက်ပိုမိုကြာမြင့်နေပါက ဆရာ၀န်ထံမှ အကြံဉာဏ်ရယူသင့်ပါသည်။
2. အမွှာကိုယ်၀န်ဖြစ်နိုင်ချေများခြင်း
အသက်ကြီးလာသည်နှင့်အမျှ အမွှာကိုယ်၀န်ဖြစ်နိုင်ချေနှုန်းမြင့်တက်လာပါသည်။ အခြားကိုယ်၀န်ဆောင်နည်းလမ်းများ (ဥပမာ - ဖန်ပြွန်သန္ဓေသား) ကိုလည်း အသုံးပြုနိုင်ပါသည်။
3. ကိုယ်၀န်ဆောင်စဉ် ခန္ဓာကိုယ်တွင်းသကြားဓာတ်မြင့်တက်ခြင်း
ဤကဲ့သို့သော ကိုယ်၀န်ဆောင်စဉ်ဖြစ်သောဆီးချိုရောဂါမျိုးသည် အသက်ကြီးသည်နှင့်အမျှ ဖြစ်နိုင်ချေလည်းမြင့်တက်လာပါသည်။ အချိုဓာတ်ပါသော အစားအစာများကို ရှောင်ရှားရန်နှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်မှာ လိုအပ်လှပေသည်။ တခါတရံတွင် ဆေးဝါးများ၏ အကူအညီလည်းရယူနိုင်ပါသည်။ မကုသဘဲထားပါက သန္ဓေသားလောင်းမှာ ပုံမှန်ထက်ပိုမိုကြီးထွားနိုင်ပြီး မွေးဖွားရာတွင် လွန်စွာအခက်အခဲဖြစ်နိုင်ပြီး နောက်ဆက်တွဲရောဂါများပါလာနိုင်သည်။
4. သွေးပေါင်ချိန်တက်ခြင်း
အသက်ကြီးမှ ကိုယ်၀န်ဆောင်သူများတွင် ကိုယ်၀န်ဆောင်ကာလအတွင်း သွေးပေါင်ချိန်များ အဆမတန်မြင့်တက်လေ့ရှိကြောင်း သုတေသနပြုလုပ်ချက်များအရသိရှိရပါသည်။ သားဖွားမီးယပ်ဆရာ၀န်နှင့် ပုံမှန်စစ်ဆေးရန်လိုအပ်ပြီး ဆေးဝါးများမှီ၀ဲခြင်း (သို့) မွေးဖွားရက်မတိုင်မီမွေးခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်ပါသည်။
5. ကိုယ်၀န်လမစေ့ဘဲမွေးဖွားခြင်းနှင့် ပေါင်မပြည့်ခြင်း
လမစေ့ဘဲမွေးဖွားသောကလေးငယ်သည် အခြားသောကျန်းမာရေးပြဿနာများနှင့်လည်း ဆက်စပ်လျက်ရှိနိုင်သည်။
6. ဗိုက်ခွဲမွေးရန်လိုအပ်ခြင်း
အသက်ကြီးသော ကိုယ်၀န်ဆောင်သည်များတွင် ကိုယ်၀န်နှင့်ပတ်သက်သော ရှုပ်ထွေးမှုများ (ဥပမာ - အချင်းရှေ့ရောက်ခြင်း) ကို ခံစားရနိုင်သောကြောင့် ဗိုက်ခွဲမွေးရန်လိုအပ်သည့် အခြေအနေထိဖြစ်နိုင်ပါသည်။
7. မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုများကို ပိုမိုခံစားရနိုင်ချေရှိခြင်း
အသက်ကြီးမှမွေးဖွားသောကလေးငယ်များတွင် မျိုးရိုးဗီဇဆိုင်ရာရောဂါများ (ဥပမာ - Down Syndrome) ဖြစ်နိုင်ချေ ပိုမိုမြင့်မားပါသည်။
8. ကိုယ်၀န်ပျက်ကျနိုင်ချေများခြင်း
ကနဦး အခြားကျန်းမာရေးဆိုင်ရာပြဿနာများနှင့် မျိုးရိုးဆိုင်ရာမူမမှန်ခြင်း အခြေအနေများကြောင့် ကိုယ်၀န်ပျက်ကျခြင်းနှင့် ကလေးအသေမွေးခြင်းများဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်၀န်လရင့်ချိန်တွင် သန္ဓေသားလောင်း၏ ကျန်းမာရေးအခြေအနေကိုသိရှိစေရန် သေချာစွာစစ်ဆေးမှုခံယူသင့်ပါသည်။
သုတေသနလုပ်ငန်းများကို ထပ်မံလုပ်ဆောင်ရန် လိုအပ်သေးသော်လည်း ကိုယ်၀န်ရချိန်တွင်ရှိသည့် အမျိုးသား၏ အသက်ကလည်း ကလေးများ၏ ကျန်းမာရေးအခြေအနေနှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိချက်များအရ သိရပါသည်။
ကျန်းမာသန်စွမ်းစေနိုင်သော နည်းလမ်းများကိုရွေးချယ်မှု
သင့်ကိုယ်သင်ဂရုစိုက်ခြင်းသည် သင်၏ကလေးငယ်ကိုဂရုစိုက်ခြင်းပင်ဖြစ်ပါသည်။
1. ကိုယ်၀န်မဆောင်မီဆရာ၀န်နှင့် တိုင်ပင်ခြင်း
သင့်၏ကျန်းမာရေးအခြေအနေကို ဆရာ၀န်အားပြောပြ၍ ကျန်းမာသောကိုယ်၀န်ဖြစ်စေရန် လိုက်နာရမည့် လူနေမှုပုံစံများကို အကြံဉာဏ်ရယူသင့်သည်။ သင့်တွင်ကိုယ်၀န်နှင့်ပတ်သက်သော အခြားစိုးရိမ်ပူပန်းမှုများရှိနေလျှင်လည်း ဆရာ၀န်နှင့်သေချာဆွေးနွေးသင့်ပါသည်။
2. ကိုယ်၀န်မှန်မှန်စစ်ဆေးခြင်း
ကိုယ်၀န်ဆောင်ကာလအတွင်း ဆရာ၀န်နှင့်ပြသ၍ ပုံမှန်စစ်ဆေးမှုခံယူပြီး မိမိ၏စိုးရိမ်ပူပန်မှုများကိုလျှော့ချပါ။
3. ကျန်းမာရေးနှင့်ညီညွတ်မျှတသော အစားအစာများကိုစားသုံးပါ
ကိုယ်၀န်ဆောင်စဉ်အတွင်း ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင် D နှင့် အခြားအာဟာရဓာတ်များစွာ လိုအပ်ပါသည်။ ဖောလစ်အက်စစ်ကို ကိုယ်၀န်ဆောင်မည်ဟု ဆုံးဖြတ်ပြီးကတည်းကပင် စတင်သောက်သုံးပေးသင့်ပါသည်။
4. ကိုယ်အလေးချိန်တိုးခြင်း
ကိုယ်အလေးချိန်ပုံမှန်တိုးခြင်းသည် သန္ဓေသားကျန်းမာရေးအတွက် အလွန်ပင်ကောင်းမွန်သော အချက်ဖြစ်ပါသည်။ ကလေးမွေးဖွားပြီးပါက ဆရာ၀န်နှင့်ဆွေးနွေး၍ ကိုယ်အလေးချိန်ကိုပြန်လည်လျှော့ချနိုင်ပါသည်။
5. လှုပ်လှုပ်ရှားရှားနေပါ
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေနိုင်ရုံမျှမက ကလေးမွေးဖွားရလည်း လွယ်ကူစေပါသည်။ လေ့ကျင့်ခန်းမပြုလုပ်မီတွင်မူ ဆရာ၀န်နှင့်သေချာတိုင်ပင်သင့်ပါသည်။
6. ကလေးအတွက် အန္တရာယ်ရှိသည်များကိုရှောင်ရှားခြင်း
အရက်၊ ဆေးလိပ်၊ မူးယစ်ထုံထိုင်းစေသောဆေးများကို ရှောင်ရှားရမည်။ အချို့ဆေးများသည် ကိုယ်၀န်ဆောင်ချိန်တွင်သောက်သုံးရန်မသင့်သောကြောင့် ဆေးများကို မိမိသဘောဖြင့် မိမိဘာသာ မသောက်ဘဲ ဆရာ၀န်နှင့် သေချာတိုင်ပင်ပြီးမှသာ သောက်သုံးရမည်။
7. မမွေးဖွားမီ သန္ဓေသားတွင်မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှုများရှိ/မရှိကို စစ်ဆေးခြင်း
သန္ဓေသား၏ DNA ကို မိခင်၏သွေးအတွင်းမှယူ၍ မွေးဖွားလာမည့်ကလေးတွင် မျိုးရိုးဆိုင်ရာပုံမမှန်မှုရောဂါများပါရှိနိုင်ခြင်းရှိ/မရှိကို စစ်ဆေးနိုင်သည်။ အခြားရောဂါရှာဖွေသော စမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ချက်ကြိုးအတွင်းမှ သွေးကိုယူ၍ စစ်ဆေးခြင်းနှင့် ရေမြွှာရည်ကိုစစ်ဆေးခြင်းတို့သည် ရောဂါနှင့်ပတ်သက်၍ ပိုမိုတိကျသော အချက်အလက်များကိုဖော်ထုတ်ပေးနိုင်သော်လည်း ကိုယ်၀န်ပျက်ကျနိုင်ချေရှိသဖြင့် ဆရာ၀န်များက အမှန်တကယ်လိုအပ်သောသူများကိုသာ ပြုလုပ်ပေးသည်။
Dr. Thinzar Wynn (www.drmyanmar.com)
















