ကင်ဆာဝေဒနာရှင်တွေကို ဘယ်လိုဝိုင်းဝန်း ကူညီကြမလဲ?
နေ့စဉ် များပြားလှတဲ့ အိမ်မှုကိစ္စအဝဝတွေကြားမှာ ကင်ဆာရောဂါရှင်တွေအနေနဲ့ သူတို့ရဲ့အားအင်တွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ကင်ဆာရောဂါ ခံစားနေရသော ကိုယ်ချစ်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ တာဝန်တွေကို မျှဝေယူပေးခြင်းအားဖြင့် သူတို့ကို အကူအညီပေးရာ ရောက်ပါတယ်။
• ဆေးခန်းသွားပြတဲ့အခါမှာ အတူအဖော်လိုက်ပေးပါ။
ဆေးခန်းသွားတဲ့အခါမှာ ကားမောင်းပြီး လိုက်ပို့ပေးတာကတောင်မှ သူတို့အတွက် တစ်တပ်တစ်အားပါပဲ။ ဒါ့အပြင် ဆေးခန်းမှာ ဆရာဝန်ပြောတာကို သူနဲ့အတူ သေချာလိုက်နားထောင်ပြီး ဆရာဝန် မှာတာတွေကို လိုက်မှတ်ပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ဆေးခန်းမသွားခင်မှာ သူ မေးချင်တဲ့မေးခွန်းတွေ၊ ဆရာဝန်နဲ့ ဆွေးနွေးချင်တဲ့အချက်တွေကို ရေးမှတ်ပေးထားပြီး ဆရာဝန်နဲ့ တွေ့တဲ့အခါမှာ ဒီအချက်တွေမကျန်အောင် သတိပေးပေးပါ။
• နေ့စဉ် အလုပ်တာဝန်တွေကို ဝိုင်းဝန်းကူညီပေးပါ။
ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ ကင်ဆာဝေဒနာရှင်တွေကို အားအင်တွေ မကုန်ခမ်းစေဖို့အတွက် ကူလုပ်ပေးနိုင်တဲ့ အိမ်မှုကိစ္စတွေ အများကြီး ရှိပါတယ်။ အာဟာရနဲ့ ပြည့်စုံတဲ့ဟင်းတွေ ချက်ပေးတာ၊ အဝတ်ကူလျှော်ပေးတာ၊ အိမ်ခြံသန့်ရှင်းရေး လုပ်ပေးတာ စတဲ့ အလုပ်တာဝန်တွေကို ကိုယ်တစ်ယောက်တည်း မလုပ်နိုင်ရင် အခြားသူငယ်ချင်း မိတ်ဆွေတွေနဲ့ အလှည့်ကျ ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။
• သူ့ရဲ့ခံစားချက်တွေကို သေချာနားထောင်ပေးပါ။
သူ့ဘေးနားမှာ ထိုင်ပြီး ရင်ဖွင့်တာတွေကို ဂရုတစိုက် နားထောင်ပေးတာကလည်း အကောင်းဆုံး ကူညီခြင်းတစ်မျိုးပါ။ ဒါက ပြောရမယ်ဆိုရင် ပြောသလောက် မလွယ်ပါဘူး။ သူ့ရဲ့ခံစားချက်တွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ပူပန်မှုတွေကို အကုန်ဖွင့်ပြောနိုင်အောင် လမ်းဖွင့်ပေးပါ။ ဒါပေမဲ့ စကားတွေကို ရုတ်တရက် ကြားဖြတ်ပြီးပြောတာ၊ အကြံဉာဏ်ပေးတာတွေ မလုပ်မိအောင် ရှောင်ပါ။ ဒီလိုလုပ်မိရင် သူ့ရဲ့အတွေးကို ရပ်သွားပြီး သူ့ကို နှုတ်ဆိတ်သွားစေနိုင်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းတွေ၊ အခက်အခဲကို ရင်ဆိုင်ခဲ့ပုံတွေကို ပြန်သတိရအောင် လုပ်ပေးတာက အကောင်းဆုံး အားပေးခြင်းပါ။ သူတို့ကို ကိုယ့်အကြံဉာဏ်တွေပဲ ပေးမယ့်အစား နည်းလမ်းတွေပြောပြပြီး သူ့ဘာသာ အကောင်းဆုံး ရွေးချယ်နိုင်အောင် လမ်းကြောင်းချပြပါ။
• ဆေးရုံ၊ ဆေးခန်းပြေစာတွေကို ကူသိမ်းထားပေးပါ။
ကင်ဆာဆိုတာ နာတာရှည်ရောဂါဖြစ်ပြီး ကုသစရိတ်တွေကလည်း ဈေးကြီးတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဝန်ပိလာစေပါတယ်။ ဆေးခန်းပြေစာတွေကို သေချာစုစည်းပြီး ဘယ်ဟာကို ဘယ်အချိန်မှာ ပေးရမလဲဆိုတာ စာရင်းလုပ်ပေးပါ။ လူနာရဲ့ ကျန်းမာရေး အာမခံတွေကို ပြန်ကြည့်ပေးပြီး ရ,ရမှာတွေ ရအောင်ကူညီပေးပါ။ ဒါ့အပြင် ကျန်းမာရေး ထောက်ပံ့ငွေတွေ ရအောင်လည်း တတ်နိုင်သမျှ ကူညီပေးပါ။
• စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပါ။
အများအားဖြင့် ကင်ဆာဝေဒနာရှင်တွေက အထီးကျန်ဆန်မှုတွေကို ခံစားရလေ့ ရှိပါတယ်။ ဧည့်သည်တွေ အဆက်မပြတ်လာပြီး သတင်းမေးနေတာကလည်း သူတို့ကို စိတ်ဓာတ်ကျစေပါတယ်။ ဒါကြောင့် လူနာ မေးမယ့်သူတွေကို တစ်ယောက်ချင်းစီ လာမယ့်အစား အုပ်စုလိုက် လာနိုင်အောင် စီစဉ်ပေးခြင်းဖြင့် အထောက်အကူ ဖြစ်စေပါတယ်။ လူနာကို ဝန်မပိစေသလို လူတွေနဲ့လည်း အဆက်အသွယ်မပြတ် ဖြစ်စေပါတယ်။ ဒါ့အပြင် လူနာဆီကို ကတ်တွေ၊ စာတွေ၊ ပန်းစည်းတွေ ပို့ပေးဖို့ စီစဉ်ပေးနိုင်ပါတယ်။
• ကျန်းမာရေးအသိတွေကို လေ့လာပါ။
အင်တာနက်တွေ၊ ဂျာနယ်တွေကနေပြီး သူ ခံစားနေရတဲ့ ကင်ဆာရောဂါအကြောင်း သိအောင်ဖတ်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ လိုတဲ့အချိန်မှာ မေးခွန်းတွေ ဖြေပေးနိုင်အောင်၊ သတင်းအချက်အလက်အမှန်တွေ ပေးနိုင်အောင် ကြိုးစားပါ။ ညွှန်ကြားထားတဲ့ဆေးဝါးတွေအကြောင်း လေ့လာပြီး ဆေးသောက်ချိန်တွေမှန်အောင် ကူညီပေးနိုင်ပါတယ်။
• အထောက်အပံ့ပေးနိုင်တဲ့အဖွဲ့တွေကို ရှာဖွေပေးပါ။
ကင်ဆာလူနာတွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူတွေပေးတဲ့အဖွဲ့တွေ အများကြီးရှိပေမယ့် လူနာက သိချင်မှသိမှာပါ။ ဆေးရုံမှာရှိတဲ့ လူမှုဝန်ထမ်းတွေကို ကင်ဆာရောဂါအတွက် ထောက်ပံ့တဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးဖို့ ပြောပါ (သို့) အင်တာနက်မှာ ရှာဖွေပါ။ အကူအညီ ပိုလိုအပ်တယ်ဆိုရင် လူနာရဲ့ခံစားချက်တွေကို အတိုင်ပင်ခံ ဆွေးနွေးပေးနိုင်မယ့်သူတွေဆီက အထောက်အကူရယူပါ။ ကိုယ်ကိုယ်တိုင်က လိုအပ်တဲ့အထောက်အပံ့ အကုန်မပေးနိုင်ဘူးဆိုရင်တောင် ပြင်ပအရင်းအမြစ်တွေကို ကူရှာပေးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















