ကင်ဆာ နိုင်တာကို ခံမလား ... သင်က ကင်ဆာကို အနိုင်ယူမလား ...
ကင်ဆာက သင့်ကိုနိုင်မလား ... သင်က ကင်ဆာကိုနိုင်မလား?
ကဲ ... ကင်ဆာအကြောင်းနဲ့ လုပ်ရမယ့်အဆင့်လေးတွေ ဖတ်ကြည့်ရအောင်။ ရန်သူအကြောင်း ခြေခြေမြစ်မြစ် သိထားတာ မမှားဘူးလေ။
● ကင်ဆာက သေးငယ်တဲ့အကျိတ်အဖုလေးက စတယ်။ ပြီးမှ တဖြည်းဖြည်း ကြီးလာတာ။ နောက်ပြီး ပတ်ဝန်းကျင်အဂါၤတွေကို ပြန့်ပွားတာပါ။ အဆင့်လေးဆင့်ရှိပြီး အဆင့် ၁ နဲ ၂ မှာ ပြန့်ပွားမှုမရှိသေးပါဘူး။ အဆင့် ၃ နဲ့ ၄ မှာသာ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။
● ကင်ဆာဆိုတာ အကျိတ်အသေးလေးကနေ စဖြစ်တာပါ၊ စဖြစ်ကာစမှာ ဘာလက္ခဏာမှ ပြမှာမဟုတ်ပါဘူး။ စကြီးထွားလာပြီး သွေးကြောတွေ အာရုံကြောတွေ ပြွန်တွေကို စတင်ဖိခါမှ လက္ခဏာစပြတာ ဖြစ်ပါတယ်။ ဒီတော့ လက္ခဏာမပြသေးရင်တောင် စောစီးစွာ တွေ့ရှိကုသနိုင်ခဲ့ရင် အသက်ရှင်ဖို့ အခွင့်အလမ်း အများကြီးရှိပါတယ်။ ဒါကြောင့် ဆေးစစ်ကြပါ။
● ဆေးစစ်တယ်ဆိုတဲ့နေရာမှာ အာထရာဆောင်းတွေ ဓာတ်မှန်တွေအားဖြင့် ကိုယ်ခန္ဓာအတွင်းမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်လေးတွေ ပေါ်နေမလား စစ်ဆေးရှာဖွေတာပါ၊ ပုံမှန်ရောဂါရှာ သွေးစစ်၊ ဆီးစစ်တာတွေကလည်း ကင်ဆာရှာဖွေရေးကို အထောက်အကူ ဖြစ်စေပါတယ်။
● တွေ့ကြပါပြီ။ ကုသရပါတော့မယ်။ ခွဲမလား။ ဆေးသွင်းမလား။ များသောအားဖြင့် နှစ်မျိုးလုံး လိုအပ်တတ်ပါတယ်။ နောက်ပြီး ဓာတ်ရောင်ခြည်နဲ့ ကင်ဆာကို သေးကျုံ့အောင် ကြိုးစားကြည့်လို့ရပါတယ်။ ပရိုတွန်သာရပီလို့ခေါ်တဲ့ အထူးကုထုံးတွေလည်း ပေါ်နေပြီမို့ အလွယ်တကူ အားမလျှော့ဘဲ ကြိုးစားကုသကြည့်ရအောင်။
● ကင်ဆာစဖြစ်ပြီဆိုရင် ရက်ရှည်ဖျားမယ်၊ ပိန်ကျသွားမယ်၊ အစားမစားနိုင်ဘူး အရိုးတွေ ကိုက်ခဲနာကျင်မယ်၊ ချောင်းဆိုးမယ်၊ အလိုလိုနေရင်း နုံးခွေမယ်။
● ခန္ဓာကိုယ်ပေါ်မှာ အကျိတ်တစ်ခု ပေါ်လာတာ၊ အနာမကျက်တာ၊ အသံပြောင်းတာ၊ ဝမ်းချုပ်တတ်တာ၊ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဗိုက်ထဲမှာ အလုံးစမ်းမိတာ၊ ပုံစံပြောင်းလာတဲ့ မှဲ့တွေဟာ ကင်ဆာစစ်ဆေးဖို့ ညွှန်ပြနေပါတယ်။
>> သုတေသနတွေအရ ...
● အရေပြားကင်ဆာရဲ့ ၉၃ ရာခိုင်နှုန်းကို အဆင့် ၁ နဲ့ ၂ မှာ တွေ့ရှိရတယ်။ သိသာတဲ့နေရာမှာ ရှိတယ်လေ။ မြင်သာတော့ စောတွေ့တာပေါ့။
● ရင်သားစမ်းသပ်တာ လူတိုင်း သတိပြုမိနေတော့ ရင်သားကင်ဆာဖြစ်ရင် ၈၃ ရာခိုင်နှုန်း စောတွေ့ကြတယ်။
● ၄၄ ရာခိုင်နှုန်းသော သားဥအိမ်ကင်ဆာကို စောတွေ့ရတတ်ပေမယ့် အဆုတ်ကင်ဆာကျတော့ ၂၃ ရာခိုင်နှုန်းလောက်ပဲ စောတွေ့ကြတာပါ။ အဆုတ်ကင်ဆာဟာ စောတွေ့ ကုသမှုခံယူနိုင်ဖို့ အနည်းဆုံးကင်ဆာဖြစ်လို့ သေနှုန်းမြင့်မားတာ ဖြစ်နေပါတယ်။
● ရင်ပြည့်တာ၊ အစာမကြေတာတွေဟာ ရင်သားကင်ဆာရဲ့ ကနဦးလက္ခဏာတွေ ဖြစ်နေတတ်သလို တဂေ့ဂေ့နဲ့ လေတက်တတ်တာ၊ လေချဉ်တက်တာတွေကလည်း သည်းခြေအိတ်နဲ့ သားဥအိမ်ကင်ဆာရဲ့ စောစီးလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။ ခဏခဏ ဆိုးတတ်တဲ့ချောင်းဟာ အဆုတ်ကင်ဆာတမျိုးမျိုးကို ညွှန်ပြနေတတ်ပါတယ်။
ဒီတော့ ကင်ဆာကို နိုင်ချင်ရင် စောစော ထိထိရောက်ရောက် ကုခြင်းဖြင့် လက်ဦးမှု ရယူနိုင်သလို နောက်ကျမှတွေ့ရင်လည်း ဆေးသွင်းတာ၊ ခွဲစိတ်ထုတ်ပစ်တာ၊ ဓာတ်ကင်တာတွေနဲ့ အစွမ်းကုန် အားမလျှော့ဘဲ ကုသလို့ရနေပါပြီ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















