/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကလေးငယ်လေးများရဲ့နားကို-နားကြပ်တံဖြင့်-သန့်ရှင်းရေး-မပြုလုပ်ရ

ကလေးငယ်လေးများရဲ့နားကို နားကြပ်တံဖြင့် သန့်ရှင်းရေး မပြုလုပ်ရ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            မိဘတွေ တော်တော်များများဟာ ကလေးငယ်လေးတွေရဲ့ နားသန့်ရှင်းရေးအတွက် ဂွမ်းနားကြပ်တံများကို အသုံးပြုတတ်ပါတယ်။

            ဒါပေမဲ့ ဆရာ၀န်တွေနဲ့ အခြားပညာရှင်တွေကမူ ထိုနားကြပ်တံများကို အသုံးပြုခြင်းက အန္တရာယ်များလှတဲ့အတွက် အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ နားကြပ်တံ အသုံးပြုခြင်းကြောင့် ကလေးငယ်ပေါင်း ထောင်နှင့်ချီ၍ အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့ရကြောင်း မကြာသေးမီက ပြုလုပ်တဲ့ သုတေသနစစ်တမ်းများအရ သိရှိရပါတယ်။

            နားကြပ်တံကို အသုံးမပြုရန် ဆရာ၀န်များမှ တားမြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု လွန်မြောက်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တော်တော်များများက နားမထောင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၉၀% သောသူတွေဟာ နားသန့်ရှင်းရေးကို ပုံမှန်လုပ်ဖို့လိုတယ်လို့ အထင်ရှိကြတဲ့အပြင် နားကြပ်တံဖြင့် သန့်ရှင်းရေး ပြုလုပ်ပြီးချိန်မှာ ခံစားရတဲ့ စင်ကြယ်သန့်ရှင်းမှုကို လိုလားကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

            ဒါပေမဲ့ ပညာရှင်တွေရဲ့အဆိုအရ နားတွေဟာ သူတို့ဘာသာသူတို့ သန့်ရှင်းလေ့ရှိကြတဲ့အတွက် ဂွမ်းနားကြပ်တံ အသုံးပြုခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ပိုမိုဦးတည်နိုင်ပါတယ်။

            ပထမဆုံးအနေနဲ့ သိရှိဖို့လိုတာကတော့ နားဖာချေးတွေဟာ ကောင်းတဲ့အရာတွေဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပပစ္စည်းတွေ (ဥပမာ - ရေကူးစဉ် ရေ၀င်ခြင်း၊ အညစ်အကြေးများ ၀င်ရောက်ခြင်း) နားထဲမ၀င်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

            ထို့ပြင် နားသန့်ရှင်းရေး ပြုလုပ်ခြင်းကြောင့် နားစည်ဟာ ဖိအားအနည်းငယ်ခံရရုံဖြင့် ပေါက်ထွက်သွားနိုင်ပါတယ်။ အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နားအူခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းနဲ့ အကြားအာရုံ ဆုံးရှုံးခြင်း စတာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

            ဒါကြောင့် ဒီလိုဆိုးကျိုးတွေကနေ ကင်းေ၀းဖို့အတွက် မိဘတွေအနေနဲ့ လုပ်ဆောင်သင့်တာတွေကတော့ နားကြပ်တံတွေကို ကလေးငယ်တွေရဲ့ အနီးအနားမှာ မထားပါနှင့်။ အရေးပေါ်ဌာနကို ရောက်သွားရတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးငယ်တွေဟာ နားကြပ်တံယူပြီး မိမိဘာသာ နားသန့်ရှင်းရေး ပြုလုပ်ကြလို့ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ နားကြပ်တံအသုံးပြုပြီးတော့ ကလေးငယ်တွေကို နားသန့်ရှင်းရေး မပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ တကယ်လို့ နားဖာချေးတွေနဲ့ ပြည့်နေပါက ကလေးအထူးကုဆရာ၀န်နှင့် တိုင်ပင်၍ အခြားအန္တရာယ်မရှိတဲ့ နည်းလမ်းတွေဖြစ်တဲ့ နားသန့်စင်ဆေးရည် အသုံးပြုခြင်း၊ နားဖာချေးတွေပျော်အောင် ဆေးရည်ထည့်ခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

            နားအပြင်ဘက်ပိုင်း သန့်ရှင်းရေးအတွက်ကိုတော့ အ၀တ်စသန့်သန့်ကို ရေနွေးစိမ်ပြီး သုတ်ပေးနိုင်ပါတယ်။ သံလွင်ဆီတစ်စက်၊ နှစ်စက် အသုံးပြုခြင်းဖြင့်လည်း နားဖာချေးအခဲတွေကို ပျော်အောင် ပြုလုပ်နိုင်ပါတယ်။ လိုအပ်ပါက ကလေးအထူးကုဆရာ၀န်၏ အကူအညီကို ရယူနိုင်ပေမယ့် ပုံမှန်အားဖြင့်တော့ လိုအပ်လေ့မရှိပါဘူး။

 

Dr. Thinzar Wynn

www.drmyanmar.com