ကလေးတွေကို ဖုန်းတက်ဘလက် ပေးကိုင်သင့်သလား?
ဒီနေ့ခေတ်မှာဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြည့်လိုက်ရင် ကလေးတွေက သူတို့ရဲ့ တက်ဘလက်တွေ၊ ဖုန်းတွေကိုပဲ ကုန်းပြီးကြည့်နေတာကို တွေ့မြင်နေရပါတယ်။ ဒီကလေးတွေက ဒီဒစ်ဂျစ်တယ်ပစ္စည်းတွေကို အလွန်အကျွံ စွဲလမ်းပြီးတော့ ဒါတွေရဲ့လွှမ်းမိုးမှုကို ခံနေရပါတယ်။ ဒီဖြစ်စဉ်ဟာဆိုရင် ရောဂါအဖြစ်နဲ့တောင်မှ ဖြစ်လာပါတယ်။ ကလေးငယ်လေးတွေမှာတောင်မှ ဂိမ်းဆွဲတဲ့လက္ခဏာတွေကို စတွေ့နေရပါပြီ။
မကြာသေးခင်ကပဲ အသက် ၈ နှစ်သားအရွယ် Filipino ကလေးတစ်ယောက်ဟာဆိုရင် တစ်နေ့ကို ၉ နာရီနီးပါး ဂိမ်းကစားပြီးတော့ မျက်နှာ အကြောဆွဲသွားပါတယ်။ သူ့မိဘတွေက သူ့ကို ဆေးရုံသွားပြပြီး CT scan ရိုက်ကြည့်တဲ့အခါ ဦးနှောက်တွေက ကျန်းမာပါတယ်။ ဒီကလေးရဲ့ မျက်နှာအကြောလိုက်တာက ဂိမ်းဆွဲတဲ့လက္ခဏာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆေးပညာအရ သက်သေမပြနိုင်ပေမယ့်လည်း ဆရာဝန်တွေက ကလေးကို ဂိမ်းပေးမကစားဖို့ မှာလိုက်ပါတယ်။
>> ဂိမ်းဆွဲတဲ့လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ?
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးမှာဂိမ်းဆွဲတဲ့လက္ခဏာတွေ ရှိ၊ မရှိ သိဖို့ လိုပါတယ်။
● ထိန်းချုပ်လို့မရခြင်း - ကလေးကို ဖန်သားပြင်တွေ မကြည့်ဖို့၊ ဂိမ်းမဆော့ဖို့ ပြောရတာ ခက်လာပါတယ်။
● တခြားအရာတွေမှာ စိတ်မဝင်စားတော့ခြင်း -ကလေးက ဖန်သားပြင် ကြည့်နေရတဲ့အချိန်မှာပဲ စိတ်ပါဝင်စားမှုရှိတာကို တွေ့ရပါလိမ့်မယ်။
● လူမှုပတ်ဝန်းကျင်ဆိုင်ရာ တုံ့ပြန်မှု ကင်းမဲ့ခြင်း - ဂိမ်းဆွဲနေတဲ့အခါမှာ မိသားစုနဲ့ လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။
● စွဲလမ်းလွန်ခြင်း - သူတို့ ဂိမ်းဆော့တဲ့အချိန်၊ ဖန်သားပြင် ကန့်သတ်တဲ့အချိန်တွေကို ဖြတ်လိုက်တဲ့အခါမှာ ကလေးတွေက အရမ်းစိတ်တိုပြီးတော့ ဂဏှာမငြိမ် ဖြစ်စေပါတယ်။
● ဂိမ်းကစားတဲ့အချိန်က ပိုပိုပြီး တိုးလာပါတယ်။
● လှဲပြီး ငြိမ်သက်နေခြင်း - ဖန်သားပြင် မကြည့်ရတဲ့အချိန်မှာလည်း ဂိမ်းအကြောင်းပဲ တွေးနေပါတယ်။
>> ကလေးတွေကို ဂိမ်းမဆွဲအောင် ဘယ်လိုကာကွယ်ကြမလဲ?
မိဘတွေအနေနဲ့ ကိုယ်ချမှတ်သင့်တဲ့စည်းကမ်းနဲ့ ပတ်သက်ပြီးတော့ စိတ်ခိုင်ဖို့ လိုပါတယ်။ ပြီးတော့ မိဘတွေ ကိုယ်တိုင်ကလည်း လျှပ်စစ်ပစ္စည်းတွေကိုပဲ သုံးစွဲမနေဘဲနဲ့ ရောင်စုံဘောပင်တွေ၊ စာအုပ်တွေ၊ စတစ်ကာလေးတွေကို ဆောင်ထားပါ။
1. ကလေး အသက်အရွယ်အလိုက် ဖန်သားပြင် ကြည့်သင့်တဲ့အချိန်ပမာဏကို ရှာပါ။ ပြီးရင် ဒီကန့်သတ်ချက်အတိုင်း စည်းကမ်းထားပါ။ ဒီထဲမှာ တီဗွီကြည့်ချိန်၊ ကွန်ပျူတာ သုံးချိန်၊ ဖုန်းသုံးချိန် အားလုံး ပါ,ပါတယ်။
2. မိဘတွေ ကိုယ်တိုင်ကလည်း အင်တာနက်ပဲ သုံးမနေဘဲနဲ့ ကလေးတွေနဲ့ ပျော်စရာလှုပ်ရှားမှုလုပ်တဲ့ အချိန်လေးတွေ ပေးပါ။
3. ကလေးအခန်းထဲမှာ တီဗွီတွေ၊ လျှပ်စစ်ပစ္စည်းတွေ မထားပါနဲ့။ အိမ်မှာ ခေတ်သစ် နည်းပညာဆိုင်ရာ ပစ္စည်းတွေမရှိတဲ့ နေရာလေးတစ်ခု ဖန်တီးထားပါ။
4. အစာ စားနေချိန်၊ အိ်မ်အလုပ်လုပ်နေချိန်နဲ့ အိပ်ချိန်တွေမှာ ဖန်သားပြင်တွေ မကြည့်ဖို့၊ လျှပ်စစ်ပစ္စည်းတွေ မသုံးဖို့ ချမှတ်ထားပါ။
5. ကလေးတွေကို တော်သင့်ရုံလုပ်တာပဲ ကောင်းတယ်ဆိုတာကို ငယ်ငယ်ကတည်းက သဘောပေါက်အောင် ရှင်းပြပေးပါ။ ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရင် ချီးကျူးစကားဆိုပါ။
6. ကလေးရဲ့ ဖန်သားပြင်ကြည့်တဲ့အချိန်တွေကို မှတ်ထားပြီး သေချာစောင့်ကြည့်ပါ။
မျက်နှာ အကြောလို်က်တာနဲ့ ဂိမ်းဆွဲတဲ့လက္ခဏာတွေကြားမှာ ဆက်စပ်မှုကို သက်သေမပြနိုင်ပေမယ့်လည်း အိမ်ချိန်မရှိတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒါကို ပိုဆိုးစေပါတယ်။
ကလေးက ဖန်သားပြင်တွေ ရှေ့မှာပဲ အချိန်ဖြုန်းနေမယ်ဆိုရင် ဖန်သားပြင်ကနေ လာတဲ့ အပြာရောင်အလင်းတွေနဲ့ မျက်လုံးကို အလွန်အကျွံ ထိတွေ့စေပြီးတော့ လည်ပင်းကိုလည်း ဒဏ်ဖြစ်စေပါတယ်။
လူတစ်ယောက် ခံစားနေရတဲ့ ဖိစီးမှုပမာဏကို တိုင်းတာနိုင်မယ့်နည်းလမ်း မရှိပါဘူး။ ဒါကြောင့် ဒီဖန်သားပြင်တွေနဲ့ ဝေးဝေးနေပြီး ကလေးတွေနဲ့ ကို်ယ်လက်လှုပ်ရှားမှုပြုပြီး ရင်းနှီးမှုယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















