ကိုဗစ်ရဲ့ခုခံအား
ဟိုးအစောပိုင်းတုန်းက ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီးနောက် ထွက်ပေါ်လာတဲ့ ခုခံအားဟာ အနည်းဆုံးတော့ ၆ လ ခံပါတယ်ဆိုတာ တွေ့ရှိရပါတယ်။ နှစ်ပေါင်းများစွာခံတာလည်း ဖြစ်နိုင်ပါတယ်။
နောက်ပိုင်း အသစ်လုပ်ထားတဲ့ သုတေသနမှာတော့ ခုခံအားတစ်မျိုးတည်းတင်မကဘဲ ကိုယ်ခံအားစနစ်၊ ပိုးကို မှတ်သားထားတဲ့ဆဲလ် စတာတွေကိုပါ အသေးစိတ် လေ့လာထားကြပါတယ်။
ဒီသုတေသနမှာ အသက် ၁၉ ကနေ ၈၁ နှစ်အထိ ရောဂါအခြေအနေ အရမ်းမဆိုးတဲ့လူတွေကို ရောဂါစဖြစ်ပြီး မတူညီတဲ့အချိန်တွေမှာ သွေးဖောက်ယူတယ်။ ပြီးတော့ နောက် ၆ လမှာ ထပ်ပြီး သွေးနမူနာယူကာ လေ့လာတာ ဖြစ်ပါတယ်။
ဒီသွေးနမူနာတွေထဲကမှ အပေါ်မှာ ပြောထားတဲ့ ကိုယ်ခံအားစနစ်၊ မှတ်သားထားတဲ့ဆဲလ်၊ ခုခံအား စတာတွေကို လေ့လာကြတာ ဖြစ်ပါတယ်။ ဒီအခါမှာ ခုခံအားက တောက်လျှောက်ထွက်နေပြီး ၆ လကနေ ၈ လမှာတော့ နည်းနည် ပြန်ကျသွားတာ တွေ့ရပါတယ်။
ပိုးကို မှတ်သားထားတဲ့ဆဲလ်က ရောဂါပိုးဝင်ပြီးသူတိုင်းမှာ တွေ့ရပြီး တဖြည်းဖြည်းနဲ့ အရေအတွက် တိုးလာတာကို တွေ့ရပါတယ်။ တခြားရောဂါတွေမှာ ထွက်ပေါ်တဲ့ မှတ်သားဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲမှာ အကြာကြီးနေနိုင်တာ တွေ့ရပါတယ်။ ရေကျောက်ကာကွယ်ဆေးထိုးပြီးရင် ထွက်လာတဲ့ မှတ်သားဆဲလ်က နှစ် ၆၀၊ တုပ်ကွေးကာကွယ်ဆေးကတော့ နှစ် ၉၀ အထိခံတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီသုတေသနက လူအနည်းငယ်မှာပဲ လုပ်ထားတာဖြစ်လို့ နောက်ပိုင်းကာလတွေမှာရော၊ လူဦးရေ အများအပြားမှာရော ဒီလို တွေ့ရှိရမလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ မှတ်သားဆဲလ်ပမာဏကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီတာ တွေ့ရပါတယ်။ ဒါကလည်း အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်။ ဒီလို မတူရတဲ့အကြောင်းရင်းက တချို့လူတွေက လက္ခဏာတောင် သိပ်မပေါ်တဲ့ ပိုးပမာဏ နည်းနည်းပဲ ကူးစက်ခံရလို့ ဖြစ်နိုင်ပါတယ်။ ခုခံအား ကောင်းကောင်း မထွက်ထားတဲ့လူတွေမှာ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ပြန်ကူးစက်နိုင်ချေ ရှိပါတယ်။
ဒါပေမဲ့ ခုခံအားဟာ မျှော်မှန်းထားတာထက် ပိုကြာကြာခံတာကို တွေ့ရတဲ့အတွက် ကာကွယ်ဆေးတွေကလည်း ပိုပြီးကာကွယ်ပေးနိုင်ဖို့ကို မျှော်လင့်လို့ ရပါပြီ။
တချို့ ဗိုင်းရပ်စ်တွေဟာ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးရင် တစ်သက်လုံး ကာကွယ်နိုင်တာကို တွေ့ရပါတယ်။ ဥပမာ - ဝက်သက်နဲ့ ရေကျောက် (ကျောက်ကြီး) ဆိုရင် တစ်ခါ ကာကွယ်ဆေးထိုးပြီးရင် တစ်သက်လုံး ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကတော့ နည်းနည်း လှည့်စားတာကို တွေ့ရပါတယ်။ ဥပမာ - တုပ်ကွေးကာကွယ်ဆေးဆိုရင် ထိုးထားပေမယ့် အလုံးစုံကာကွယ်ပေးနိုင်တာတော့ မဟုတ်ဘဲ အရမ်းမဆိုးရွားအောင်ဘဲ လုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ တုပ်ကွေးပိုးက အမြဲမျိုးရိုးဗီဇ ပြောင်းလဲနေတာကြောင့်လည်း ပါ ပါတယ်။
ကိုဗစ်က ဒီနှစ်ခုကြားထဲ ရောက်တာ တွေ့ရပါတယ်။ အရင် ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်တွေက ဖျားနာတာလောက်ပဲဖြစ်ပြီး အရမ်းမဆိုးရွားတာကြောင့် သိပ်ပြီး မလေ့လာထားကြပါဘူး။
Dr. Htar (www.drmyanmar.com)
















