ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော အစားအသောက်များ
ခန္ဓာကိုယ်တွင် ခုခံအားကျဆင်းနေတယ်ဆိုပါကဆေးသောက်စရာမလိုဘဲ သဘာ၀ အစားအစာတွေနဲ့ပဲ ခုခံအားပြန်လည်ကောင်းမွန်အောင် ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေမယ့် အစားအစာ (9) မျိုးကို ရေးသားလိုက်ပါတယ်။
1. ဒိန်ချဉ်
သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ ဒိန်ချဉ်မှာ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေ ပါ၀င်တာကြောင့် ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကိုလျော့နည်းစေပါတယ်။ ဆွီဒင်မှလေ့လာသူများသည် ဒိန်ချဉ်နှင့်ပတ်သက်ပြီး အလုပ်သမား 181 ယောက်တွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ ထိုအခါမှာ ဒိန်ချဉ်ကိုရက်ပေါင်း 80 လောက်သောက်သုံးသူတွေမှာ အအေးမိနိုင်ချေဟာ 33% လျော့နည်းတာကို တွေ့ရပါတယ်။
2. ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတိ္တတွေရှိပြီး ပိုးမွှားတွေကိုဆန့်ကျင်နိုင်တဲ့ အစွမ်းထက်ပစ္စည်းအယ်လီစင် (Allicin) ဓာတ်ပါ၀င်ပါတယ်။ လေ့လာမှုများအရ ကြက်သွန်ဖြူကို 12 ပတ်ခန့် စားသူတွေမှာ အအေးမိေ၀ဒနာ ခံစားရနှုန်းအလွန်နည်းပါးတာကိုတွေ့ရပါ တယ်။
3. ကြက်စွပ်ပြုတ်
ကိုယ်ခံစွမ်းအားမြှင့်တင်တဲ့နေရာမှာ ကြက်စွပ်ပြုတ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ အာဟာရပညာရှင် မက်ဒင်နီရယ်ကဆိုပါတယ်။ ကြက်သားဟာ ကိုယ်ခံစွမ်းအားအတွက် အဓိကလိုအပ်တဲ့ ဇင့်ဓာတ်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့ပါ၀င်ပါတယ်။ ဒါ့အပြင် ကြက်စွပ်ပြုတ်မှာ အမိုင်နိုအက်ဆစ် “Cysteine” ပါ၀င်တာကြောင့် ချွဲပျော်စေတဲ့ အာနိသင်ရှိပါတယ်။ စွပ်ပြုတ်လုပ်ရာမှာ ဗီတာမင် ဒီ ကြွယ်၀တဲ့ မုန်လာဥ၊ ကြက်သွန်ဖြူစတာတွေကို ထည့်ပြီးပြုတ်ပေးပါက ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။
4. အမဲသား
အမဲသားမှာပါ၀င်တဲ့ ဇင့်(သွပ်)ဓာတ်ဟာ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့နေရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှပါ၀င်ပါတယ်။ ဇင့်ဟာ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပိုး၀င်ခြင်းကိုကာကွယ်ပေးပါတယ်။ အမဲသားမစားတဲ့သူဆိုရင်တော့ ဇင့် ဓာတ်ကြွယ်၀တဲ့ ပြည်ကြီးငါး၊ ၀က်သား၊ နို့နှင့် ဒိန်ချဉ်စတာတွေကို စားပေးနိုင်ပါတယ်။
5. ကန်စွန်းဥ
လူ့အရေပြားဟာလည်း ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်မှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အရေပြားဟာ ခန္ဓာကိုယ်ထဲသို့ ပိုးမွှားများမ၀င်နိုင်အောင် ခံတပ်သဖွယ်ကာရံပေးထားပါတယ်။ ကန်စွန်းဥမှာပါ၀င်တဲ့ ဗီတာမင် A နှင့် ဗီတာမင် C ဟာ အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် ကန်စွန်းဥစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ကို မြှင့်တင်ပြီးသားဖြစ်ပါတယ်။
6. လက်ဖက်ရည်
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာချက်များအရ ရေနွေးကြမ်း (သို့) လက်ဖက်စိမ်းလက်ဖက်ရည်ကို တစ်နေ့ 5 ခွက်လောက်သောက်သုံးသူများတွင် ဗိုင်းရပ်စ်ပိုးကိုတွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် (Interferon) ဟာ 10 ဆ မြင့်တက်နေတယ်လို့သိရတယ်။ ဒါ့အပြင် လက်ဖက်ရည်မှာ ခုခံအားကိုကောင်းမွန်စေတဲ့ အမိုင်နိုအက်ဆစ်ဓာတ်များလည်း ပေါများစွာပါ၀င်နေပါတယ်။
7. မှို
အရသာရှိလှတဲ့ မှိုဟာလည်း ခုခံအားစနစ်ကောင်းမွန်စေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ မှိုစားပေးခြင်းဖြင့် သွေးဖြူဥထုတ်လုပ်နှုန်းကို ပိုမိုကောင်းမွန်စေပြီး သွေးဖြူဥများ၏ ရောဂါပိုးမွှားတိုက်ထုတ်နိုင်စွမ်းကို ပိုမိုအစွမ်းထက်စေပါတယ်။
8. အခွံမာသော ရေသတ္တဝါ
ပုဇွန်၊ ကမာကောင်နှင့် ဂဏန်းတို့မှာ ပေါများစွာပါ၀င်တဲ့ Selenium ဓာတ်ဟာသွေးဖြူဥများမှ ဆိုက်တိုကိုင်းပရိုတင်း(Cytokine) ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ၎င်းပရိုတင်းဟာ ၀င်ရောက်လာတဲ့ ရောဂါပိုးများကိုတိုက်ထုတ်ရာမှာ အသုံး၀င်ပါတယ်။ ဒါ့အပြင် အခွံမာသောရေ သတ္တဝါများမှာ Omega 3 ပါ၀င်တာကြောင့် ရောင်ရမ်းမှုကို ဟန့်တားပေးနိုင်ပြီးအသက်ရှူလမ်းကြောင်းပိုး၀င်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
9. အုတ်ဂျုံ (Oats)
အုတ်ဂျုံကို မှန်မှန်စားသုံးပေးတာကြောင့် အအေးမိခြင်းသာမက ထောင့်သန်းရောဂါပိုးနှင့် ရေယုန်ရောဂါတို့ကို ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ကိုယ်ခံအားကောင်းမွန်စေရုံသာမက အနာကျက်စေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိများလည်း ပါရှိပါသေးတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















