ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ သင် ဘာတွေလုပ်နိုင်သလဲ
ယနေ့အချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ဒီလိုကူးစက်မြန်တဲ့ရောဂါပိုးကို ကာကွယ်ဖို့ တစ်ကမ္ဘာလုံးက အစီအမံတွေချပြီး ဆောင်ရွက်နေကြပါတယ်။ သင့်အနေနဲ့လည်း ထူးထူးခြားခြား ကြီးကြီးမားမားတွေ လုပ်စရာမလိုဘဲ တစ်ပိုင်တစ်နိုင် ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကာကွယ်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ COVID-19 လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ရောဂါကို ဘယ်လိုနည်းနဲ့ဖြစ်စေလဲဆိုတာကို သေချာမသိရသေးပေမယ့် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုတော့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ အခြေခံသဘောတရားကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားရေးပဲ ဖြစ်ပါတယ်။
ကမ္တာတစ်ဝှမ်းမှာ COVID-19 ရောဂါကာကွယ်ဆေးတွေ၊ ကုသတဲ့ဆေးတွေကို ကြိုးစားထုတ်လုပ်နေပေမယ့် မဖော်ထုတ်နိုင်သေးခင်အချိန်မှာ ရောဂါပြန့်ပွားမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့က အရေးကြီးပါတယ်။ ဒီရောဂါဟာ ကူးစက်မြန်ရောဂါဖြစ်တဲ့အတွက် ဒေသတစ်ခုက လူတစ်ယောက်ယောက် ကူးစက်ခံရတိုင်း အဲ့ဒီ့ဒေသမှာရှိတဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို တာဝန်ပိစေနိုင်ပါတယ်။ တကယ်လို့သာ ရောဂါပျံ့နှံ့မှုကို မလျှော့ချနိုင်ရင် ကျန်းမာရေးစနစ် သိပ်မကောင်းတဲ့၊ ကျန်းမာရေးဝန်ထမ်းအင်အားနည်းတဲ့ နိုင်ငံ(သို့) ဒေသကလူတွေဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါပျံ့နှံ့မှုကို လျှော့ချဖို့ဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီက လိုက်နာရမယ့်အချက်တွေကို အခုချက်ချင်းပဲ သေချာလိုက်လုပ်ဖို့ အရေးကြီးနေပါပြီ။ လူငယ်တွေနဲ့ ကျန်းမာရေးကောင်းတဲ့သူတွေဟာလည်း ရောဂါပိုးမကူးစက်အောင်ကာကွယ်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဒီလိုလူတွေဆီကနေ အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါ ခံစားနေရသူတွေဆီကို ရောဂါကူးစက်သွားမယ်ဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူတိုင်း လိုက်လုပ်သင့်တဲ့ လိုက်လုပ်နိုင်တဲ့ ရောဂါကာကွယ်ရေး အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းခက်ခဲတဲ့ အလေ့အကျင့်တွေမဟုတ်တဲ့အပြင် အများစုလည်းသိပြီးဖြစ်တဲ့ အလေ့အကျင့်တွေပါပဲ။ တကယ်တမ်း လိုက်လုပ်ဖြစ်ဖို့ပဲ အထူးလိုအပ်တာ ဖြစ်ပါတယ်။
၁။ လက်ဆေးခြင်း
လက်ဆေးခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး အဓိကအကျဆုံး အခြေခံအချက် ဖြစ်ပါတယ်။ လက်ဆေးတဲ့အခါ ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး စက္ကန့် ၂၀ ခန့်ကြာအောင် စနစ်တကျ ဆေးရမှာ ဖြစ်ပါတယ်။ လူအများ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရာတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစနစ်တကျ ဆေးရမှာ ဖြစ်ပါတယ်။ လက်ကိုင်ပုဝါများ၊ လက်သုတ်ပဝါများကိုလည်း မကြာခဏ လျှော်ဖွပ်ပေးသင့်ပါတယ်။
၂။ လက်သန့်ဆေးရည်သုံးခြင်း
ရေနဲ့ဆပ်ပြာနဲ့ လက်ဆေးဖို့မဖြစ်နိုင်တဲ့ နေရာတွေမှာ လက်သန့်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်ဆေးရည်တွေကိုသာ အသုံးပြုသင့်ပါတယ်။
၃။ လက်ဆွဲနှုတ်ဆက်ခြင်း
လက်ဆွဲနှုတ်ဆက်ခြင်းက နိုင်ငံတကာမှာ လေးစားမှုကိုပြတဲ့ အပြုအမူတစ်ခုဖြစ်ပေမယ့် အခုလို ကူးစက်မြန်ရောဂါကို ကာကွယ်ဖို့ အရေးကြီးနေတဲ့အချိန်မှာတော့ တခြားနှုတ်ဆက်နည်းတွေကိုသာ ပိုအသုံးပြုကြဖို့ သင့်တော်ပါတယ်။
၄။ မျက်နှာနဲ့ နှာခေါင်းတစ်ဝိုက်ကို ပွတ်သပ်ခြင်း
သင့်ကို ဗိုင်းရပ်စ်ကူးစက်အောင် အလုပ်နိုင်ဆုံးလူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ အချိန်ကြာကြာ အသက်ရှင်နိုင်တဲ့အတွက် ရောဂါပိုးရှိတဲ့ အရာဝတ္ထုတစ်ခုခုကို ကိုင်မိမယ်၊ နောက်ပြီး သတိမထားမိဘဲ အဲ့လက်နဲ့ကိုယ့်မျက်နှာကို ထိမိကိုင်မိမယ်ဆိုရင် ရောဂါကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာကို လက်နဲ့မထိဘဲ အမြဲနေနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် လက်နဲ့မျက်နှာကိုထိတာ တတ်နိုင်သလောက်လျှော့ပြီး တစ်ခုခုကို ကိုင်ပြီးတိုင်းလည်း လက်ဆေးဖို့ လိုအပ်ပါတယ်။
၅။ လူအများထိတွေ့သော မျက်နှာပြင်များကို ပိုးသတ်ခြင်း
ရောဂါကူးစက်မှုကိုကာကွယ်ဖို့ လက်ဆေးခြင်းကလည်းအရေးကြီးသလို လူအများထိတွေ့နေတဲ့ မျက်နှာ ပြင်တွေကို ပိုးသတ်ဖို့ကလည်းအရေးကြီးပါတယ်။ အကယ်၍ တစ်ယောက်ယောက်က သူနှာချေချောင်းဆိုးတာ ကို လက်နဲ့ကာပြီးနောက် စားပွဲ(သို့မဟုတ်) ကုလားထိုင် မျက်နှာပြင်တစ်ခုခုကို ထိတွေ့ကိုင်တွယ်လိုက်မိတယ်။ ဒီစားပွဲကိုပဲ နောက်တစ်ယောက်က ကိုင်မိတယ်ဆိုရင် ရောဂါပိုး ကူးစက်သွားနိုင်ပါတယ်။
၆။ ဖုန်းတွေကို သန့်ရှင်းခြင်း
အခုခေတ်မှာတော့ ဖုန်းမျက်နှာပြင်ဆိုတာ ကျွန်တော်တို့ ထိတွေ့မှုအများဆုံးမျက်နှာပြင် ဖြစ်နေပါပြီ။ ဂရုပြုစရာတစ်ချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဖန်သားမျက်နှာပြင်ပေါ်မှာ ၄ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါ့ကြောင့် ဖုန်းသုံးပြီးတိုင်း လက်ဆေးပါ။ ဖုန်းကို တစ်ခါမှ သန့်ရှင်းရေး မလုပ်ရသေးဘူးဆိုရင်တော့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။
၇။ နှာခေါင်းစည်း Mask တပ်ခြင်း
နှာခေါင်းစီး Mask တပ်တာက သာမန်အတိုင်း ကြည့်မယ်ဆို ရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းလို့ ထင်ရပါတယ်။ ဘာ့ကြောင့်ဆို ကိုရိုနာဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဖျားနာနေတယ်၊ နှာစေး ချောင်းဆိုးနေတယ် ဆိုရင်တော့ အပြင်ထွက်တဲ့အခါ mask တပ်သင့်ပါတယ်။ ဒီ လိုမှမဟုတ်ရင်တော့ တကယ်တပ်ဖို့ လိုအပ်တဲ့လူတွေကို စာနာတဲ့အနေနဲ့ mask တပ်တာထက် လက်ဆေးတာ၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာမျိုးကို ပိုလုပ်သင့်ပါတယ်။
၈။ အစားအစာများကို အလွန်အကျွံ ဝယ်ယူခြင်း
ရောဂါကူးစက်တာကို ကာကွယ်နိုင်ဖို့ လူစုလူဝေးဖြစ်နိုင်တာတွေကို လျှော့ချဖို့ shopping center တွေ၊ ဈေးတွေကို တစ်ခါတစ်ရံမှာ ပိတ်ထားဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်တတ်နိုင်တိုင်း အစားအသောက်တွေကို အလွန်အကျွံ မဝယ်ယူကြဖို့ အများကြီး ဝယ်မထားနိုင်တဲ့သူတွေကို စာနာဖို့ အရေးကြီးပါတယ်။
၉။ ခရီးသွားခြင်း
သင် ဖျားနေရင် ခရီးသွားတာကို ရှောင်ရှားဖို့ လိုပါတယ်။ အထူးသဖြင့် ဒီလိုချိန်မျိုးမှာပေါ့။ ရောဂါပျံ့နှံ့မှုကို ကောင်းကောင်း မထိန်းချုပ်နိုင်ခင်အချိန်ထိ ခရီးမသွားတာက ပိုပြီး စိတ်ချရပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စတွေ ဆိုတာလည်း ရှိလာနိုင်တဲ့အတွက် ခရီးသွားဖို့ဖြစ်လာခဲ့ရင် သက်ဆိုင်ရာဒေသ၊ နိုင်ငံက သတ်မှတ်ထားတဲ့ ရောဂါစစ်ဆေးမှုတွေ၊ လိုက်နာရမယ့် အချက်အလက်တွေကိုတော့ သေချာလေ့လာပြီး နားလည်လိုက်နာဖို့ လိုပါတယ်။
၁၀။ အိမ်မှာပဲနေခြင်း
ဗိုင်းရပ်စ်ကူးမှာကြောက်လို့ အိမ်မှာပဲနေတယ်ဆိုတာကလည်း အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ အလုပ်တွေ လက်ခံထားတာတွေ၊ အလုပ်က ခွင့်မရတာတွေ အဆင်မပြေတာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်တွေကို အမြဲမပြတ်လေ့လာပြီး အဆင်ပြေအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။
၁၁။ ကိုယ်ချင်းစာစိတ် မွေးပါ။
သင်က အခု ဘယ်လိုအခြေအနေမှာရှိရှိ ဖျားနာနေပြီး သေဖို့ကြောက်နေရတဲ့လူတွေကို စာနာပါ။ သင် ဘယ်လောက်စိုးရိမ်နေနေ တခြားသူတွေလည်း သင့်ထက်မလျော့ဘဲ စိုးရိမ်နေတာကိုသတိရပါ။ အမှန်တကယ် အကူအညီ လိုအပ်နေတဲ့လူတွေကို ညှာတာသောအားဖြင့် အခြေခံစားသောက်ကုန်တွေကို လိုတာထက် ပိုဝယ်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်လည်း အခြေခံအချက်တွေကို လိုက်နာကျင့်သုံးပေးပါ။ ကိုယ့်ပေါ့ဆမှုကြောင့် ကိုယ့်မိသားစုဝင်တွေ၊ အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါသည်တွေကို ထိခိုက်စေနိုင်တယ်ဆိုတာ သတိရပါ။ အဆိုးဆုံးကတော့ အစိုးရိမ်လွန်ပြီး လူတစ်ဦးနဲ့တစ်ဦး ရောဂါပိုး သယ်ဆောင်လာသူ ဖြစ်နေမလားဆိုပြီး သံသယတွေ ပွားများနေတာမျိုး မဖြစ်ကြဖို့ပါပဲ။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင်နေကြဖို့၊ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး အလေ့အကျင့်တွေကို သေသေချာချာ လိုက်နာပြီး COVID-19 ရောဂါကို စမတ်ကျကျ ကာကွယ်ကြပါစို့။
Reference : www.theatlantic.com
ဒေါက်တာအောင် (www.drmyanmar.com)
















