/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးကိုပိုမိုကောင်းမွန်စေမယ့်-လွယ်ကူရှင်းလင်းသောနည်းလမ်းများ

ကျန်းမာရေးကိုပိုမိုကောင်းမွန်စေမယ့် လွယ်ကူရှင်းလင်းသောနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အသက်ရှည်ရှည်နဲ့ နှစ်ပေါင်းများစွာကျန်းကျန်းမာမာနေနိုင်ရန် နေ့စဉ်နေထိုင်စားသောက်လှုပ်ရှားနေတဲ့ လူနေမှုဘ၀ပုံစံ (Life Style) ကလည်း အရေးကြီးတဲ့ ကဏ္႑တစ်ခုဖြစ်ပါတယ်။ လူနေမှုဘ၀ ပုံစံကို ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် မိမိကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းစေမယ့် လူနေမှုဘ၀အတွက် လိုက်နာသင့်တဲ့အချက်လေးများကို ဖော်ပြလိုက်ပါတယ်။

 

1.  သွားပွတ်တံများကိုရေနွေးဖြင့် ဆေးကြောပါ။

        သွားပွတ်တံဟာ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရာနေရာတစ်ခုဖြစ်ပါတယ်။ သွားပွတ်တံတွေဟာ လူကိုအန္တရာယ်ပေးနိုင်တဲ့ Ecoli ကဲ့သို့သော ဘက်တီးရီးယားအပါအ၀င် ဘက်တီးရီးယားပေါင်း 10 သန်းလောက် ပါရှိနေတယ်လို့ Manchester University မှ သိပ္ပံပညာရှင်များကဆိုပါတယ်။ ဒါကြောင့် သွားပွတ်တံများကို ကျွတ်ကျွတ်ဆူနေတဲ့ ရေနွေးဖြင့်ဆေးကြောပေးဖို့လိုအပ်ပါတယ်။

 

2.  တစ်နေ့ကိုဒိန်ချဉ်တစ်ခွက်စားပါ။

        အဆီပါ၀င်မှုနည်းပါးတဲ့ ဒိန်ချဉ်ကိုတစ်ပတ်မှာ ငါးကြိမ်ခန့်စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနှုန်းကို 28% ထိလျော့ချပေးနိုင်တယ်လို့ Cambridge Unitversity မှ လေ့လာမှုများအရသိရပါတယ်။ ဒိန်ချဉ်မှာပါ၀င်တဲ့ အကျိုးပြုဘက်တီးရီးယားများနဲ့ ဗီတာမင် K ကြောင့်ဖြစ်မယ်လို့ သုတေသီများကယူဆကြပါတယ်။

 

3.  နှာညှစ်ရာတွင် နှာခေါင်းနှစ်ဘက်လုံးကိုတပြိုင်နက်တည်းမညှစ်ပါနှင့်

        တပြိုင်နက်တည်း နှစ်ဖက်စလုံးကိုညှစ်ခြင်းကြောင့် အချွဲများဟာ နှာခေါင်းတွင်းသို့ ပြန်ရောက်သွားပြီး ဒုတိယအကြိမ်ပိုး၀င်စေပါတယ်။

 

4.  ပြတင်းပေါက်များကိုဖွင့်ထားပါ။

        အအေးမိတုပ်ကွေးရောဂါ ခံစားနေရသူနှင့် အခန်းတစ်ခန်းတည်းမှာဖြစ်စေ၊ ကားတစ်စီးထဲမှာဖြစ်စေ အတူတူရှိနေပါက ပြတင်းပေါက်တံခါးများကိုဖွင့်ထားပါ။ အလုံပိတ်ထားတဲ့ အခန်းတစ်ခုအတွင်းမှာ အအေးမိနေသူနှင့် မိနစ် 30 ခန့် အတူတူနေပါက အအေးမိရောဂါ ကူးစက်နိုင်ခြေအလွန်များပါတယ်။ ပြတင်းပေါက်များကို ဖွင့်ထားခြင်းဖြင့် အအေးမိနိုင်ချေကို 20% ထိ လျော့ချနိုင်မှာဖြစ်ပါတယ်။

 

5.  ဒီဂျစ်တယ်နာရီအစား ရိုးရိုးနာရီပြောင်းသုံးပါ။

        ဒီဂျစ်တယ်နာရီမှ အလင်းရောင်ဟာ အိပ်ပျော်စေတဲ့ဟော်မုန်းမယ်လတိုနင် ပမာဏကိုလျော့နည်းစေတာကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်နာရီ၊ မိုဘိုင်းဖုန်းစတာတွေကို အိပ်ရာနဲ့ေ၀းေ၀းမှာထားပါ။

 

6.  ယောဂကျင့်ပါ။ တရားထိုင်ပါ။

        ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းဖြင့် စိ်တ်ဖိစီးမှုများနှင့် စိတ်ဓါတ်ကျမှုများကိုကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

 

7.  ဓါတ်လှေကားအစားလှေကားအသုံးပြုပါ။

        အထပ်မြင့်များသို့တက်ရာတွင်လှေကားကို 2 မိနစ်ခန့်သုံးပါက 21 ကယ်လိုရီ လောင်ကျွမ်းနိုင်ပါတယ်။ ဒါဟာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိလာမယ့် ကယ်လိုရီလောင်ကျွမ်းမှုနဲ့တူညီပါတယ်။ ဒါကြောင့်လှေကားအသုံးပြုပါ။

 

8.  အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားသုံးပါ။

        အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းဖြင့် ၎င်းတို့မှာပါ၀င်တဲ့ မဂ္ဂနီဆီယမ်ဓါတ်ကသွေးတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

 

9.  ကော်ဖီသောက်ပါ။

        ကဖင်းဓါတ်ပါ၀င်တဲ့ကော်ဖီဟာ ဦးနှောက်စွမ်းရည် တိုးတက်စေပြီး မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ကော်ဖီမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်များက ဆီးချိုရောဂါ၊ အယ်ဇိုင်းမားရောဂါတို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်ရဲ့ ဆိုးကျိုးတွေကလည်း ရှိသေးတာမို့ တစ်နေ့ကိုကော်ဖီ 2 ခွက်-3 ခွက်ထက် ပိုပြီးမသောက်သင့်ပါဘူး။

 

10. တစ်နေ့လျှင် တစ်နာရီခန့်တီဗီလျှော့ကြည့်ပါ။

        အသက် 25 နှစ်ကျော်လာတာနဲ့အမျှ တီဗီတစ်နာရီကြည့်တိုင်းအသက် 22 မိနစ်တိုသွားတယ်ဟု U.S National Cancer Institute မှ သိပ္ပံပညာရှင်များကဆိုပါတယ်။ တီဗီရှေ့တွင် ကြာကြာ ထိုင်ခြင်းကြောင့် ကြွက်သားများ အားနည်းလာခြင်း၊ အချိုဓာတ်နှင့် အဆီဓာတ်တို့ကို ခန္ဓာကိုယ်မှ ဖယ်ရှားနိုင်နှုန်းကျဆင်းလာပြီး နာမကျန်းဖြစ်ပွားခြင်းတို့ကြောင့် အသက်တိုရခြင်း ဖြစ်ပါတယ်။

 

11.    ပုံမှန်အိပ်ချိန်ထက် 15 မိနစ်စောပြီး အိပ်ရာ၀င်ပါ။

        ပုံမှန်အိပ်ချိန်ထက် 15 မိနစ်စောပြီး အိပ်ရာ၀င်ပါကတစ်လကြာတဲ့အခါ အိပ်စက်ချိန်ပမာဏ 7 နာရီခွဲ ပိုလာပါတယ်။ ခန္ဓာကိုယ်မှ ပြုပြင်ခြင်းတွေလုပ်ဆောင်ဖို့ အချိန်ပိုရတာကြောင့် လူကိုပိုပြီးကျန်းမာစေပါတယ်။

 

12.    လမ်းလျှောက်ပါ။

        တစ်မိုင်အကွာအေ၀းကို နေ့စဉ်လမ်းလျှောက်ပါ။ လမ်းမှန်မှန်လျှောက်ခြင်းကြောင့် ကယ်လိုရီ 100 ခန့် လောင်ကျွမ်းစေရုံသာမက စိတ်ဓါတ်ကျခြင်း၊ စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကိုပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

 

13.    ကိုယ်အလေးချိန်လျှော့ပါ။

          ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေပါကလေ့ကျင့်ခန်းလုပ်ခြင်း၊ အစားလျှော့စားခြင်းဖြင့် လျှော့ချ ရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ပါဟုဆိုရာတွင် ခန္ဓာကိုယ်အလေးချိန်ရဲ့ 5% ထိ လျှော့ချရမှာ ဖြစ်ပါတယ်။ ထိုသို့လျှော့ချလိုက်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းကို 22% ထိလျှော့ချနိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်းရှိပါတယ်။

 

14.    နှာချေလျှင် လက်ဝါးဖြင့် အုပ်မယ့်အစားတတောင်ဆစ်ကိုအသုံးပြုပါ။

        နှာချေလျှင် လက်ဝါးကိုအသုံးမပြုပါနှင့်။ ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်မှတဆင့်ရောဂါပိုးမွှားများ ကူးစက်နိုင်တာကြောင့်ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လက်ကိုင်ပုဝါ ဆောင်ထားတာပဲ ဖြစ်ပါတယ်။

 

15.    ကားစောင့်လျှင် မတ်တပ်ရပ်ပြီးစောင့်ပါ။

        ကားစောင့်နေစဉ် မတ်တပ်ရပ်ပြီးစောင့်ခြင်းကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားနှုန်းကိုလျှော့ချပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ပုံမှန်လုပ်သွားခြင်းဖြင့် တစ်ပတ်လျှင်ကယ်လိုရီ 300 လောက်လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

 

16.    ဈေး၀ယ်ရင်း ကုန်ကျစရိတ်များကိုတွက်ချက်ပါ။

        ဈေး၀ယ်ထွက်ချိန်တိုင်း ၀ယ်ထားသမျှကုန်ပစ္စည်းများ၏ တန်ဖိုးကိုပေါင်းပြီး ငွေရှင်းကောင်တာမရောက်မီ ကုန်ကျစရိတ်ကို တွက်ချက်ထားပါ။ ထိုသို့ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်တွင်းရှိ မှတ်ဉာဏ်နှင့်ပတ်သက်သော အစိတ်အပိုင်းကို လှုံ့ဆော်ပေးတာကြောင့် တွက်ချက်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်းတို့ကို မြင့်တက်လာစေပါတယ်။

 

17.    အိပ်ခါနီးတိုင်း ကိုးကိုးပါ၀င်သောဖျော်ရည်တခွက်သောက်ပါ။

        လေ့လာမှုတစ်ခုအရ ကိုးကိုးမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်များက အသက်ကြီးသူများ၏ ဦးနှောက်သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းအားတိုးတက်စေပါတယ်။ Columbia University of Medical Center မှ လေ့လာသူများကအသက် 50 မှ 70 အရွယ်လူကြီးများကို ကိုးကိုးပါ၀င်သော ဖျော်ရည်ကို 3 လခန့် ပုံမှန်သောက်သုံးစေပြီး မှတ်ဉာဏ်နှင့်ပတ်သက်သော စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာလူကြီးများ၏ မှတ်ဉာဏ်စွမ်းရည်များ ပိုမိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com