ကျောက်ကပ် ပျက်စီးနေပြီဆိုတဲ့ လက္ခဏာတွေ
ကျောက်ကပ်ဟာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့အရေးပါတဲ့ အဂါၤတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ကသာ မကောင်းတော့ဘူးဆိုရင် သွေးတွင်းအညစ်အကြေးတွေကို ထိထိရောက်ရောက် မစွန့်ပစ်နိုင်တော့ဘူး။ နာတာရှည်ရောဂါတစ်ခုခုကြောင့် လက်တလောဝေဒနာတစ်ခုကြောင့် ကျောက်ကပ်ထိခိုက်လာပြီဆိုရင် ဒီလိုလက္ခဏာလေးတွေ ပြသတတ်ပါတယ်။
● ဆီးသွား သိသိသာသာ နည်းသွားပါတယ်။
● ခြေထောက်လေးတွေ အမ်းလာတယ်။ မျက်နှာတွေ ရောင်လာတယ်။ မျက်လုံးတွေ မို့လာတယ်။
● ဘာကြောင့်မှန်းမသိ အလိုလို မောဟိုက်နေမယ်။ နွမ်းနယ်လာမယ်။ ပင်ပန်းနေတတ်မယ်။
● ရိပ်ခနဲ ရိပ်ခနဲ မူးလာမယ်။ ခေါင်း လေးနေမယ်။ မကြာခဏ မူးနောက်နေမယ်။ မျက်လုံးတွေ မကြည်လင်ဘူး။
● ပျို့အန်ချင်လာမယ်။ အကြောင်းရင်းမရှိဘဲ အစားမမှားဘဲ အလိုလို ဗိုက်ထဲမှာ နေမကောင်းဘူး။
● အတွေးတွေ ဝေဝါးလာမယ်။ ခေါင်းထဲမှာရှင်းပြီး ကြည်မနေဘူး။
● ရင်ဘတ်အောင့်မယ်။ ရင်ဘတ်ထဲမှာလေးပြီး ဆို့နေတတ်မယ်။ ဆို့ပြီးနေလို့မကောင်းဘဲ တစ်မျိုးတစ်မည် ခံစားနေရမယ်။
>> ကျောက်ကပ်ပျက်စီးထိခိုက်တယ်လို့ ထင်တဲ့အခါ ဆရာ၀န်က ဒီလိုလေးတွေ စမ်းသပ်စစ်ဆေးပါတယ်။
● ဆီးစစ်ပါတယ်။ ဆီးထဲမှာ သွေး မူမမှန်၊ ပရိုတင်း၊ သကြား စတာတွေ ပါ၊ မပါ စစ်ရတာပါ။
● ဆီးကို နှစ်ဆယ့်လေးနာရီ ခံထားပြီး တစ်နေ့ ဆီးဘယ်လောက်ထွက်လဲ တိုင်းတာပါတယ်။
● ကျောက်ကပ် ကောင်း၊ မကောင်း သွေးစစ်ပါမယ်။ ယူရီးယားဓာတ်နဲ့ ကျောက်ကပ် အဆိပ်ဓာတ်ကို စစ်တာပါ။
● အာထရာဆောင်း ရိုက်ပါတယ်။ ကျောက်ကပ် ကောင်း၊ မကောင်း သိနိုင်ဖို့ ကျောက် ရှိ၊ မရှိ အပြင် ကျောက်ကပ်အနေအထားကို စစ်ဆေးတာပါ။ အခြေခံကတော့ အာထရာဆောင်းဓာတ်မှန်လောက်နဲ့ အိုကေပေမယ့် ရောဂါအနုအရင့်မူတည်ပြီး သံလိုက်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်တွေထိ လိုတတ်ပါတယ်။
ကျောက်ကပ်ဆေးတဲ့ကုသမှုကတော့ ကျောက်ကပ်ကို သန့်သွားစေပြီး အသက်ရှည်ရှည်နေရဖို့ ရည်ရွယ်ချက်ပါ။ ပျက်စီးသွားမှ ပြင်ဖို့ဆိုတာ ကျောက်ကပ်အတွက် အသုံးမဝင်ပါဘူး။ ကျောက်ကပ်ဆေးတာလို့ခေါ်တဲ့ စက်ကနေတစ်ဆင့် သွေးကို သန့်စင်ပေးတာဟာ ပျက်စီးနေတဲ့ ကျောက်ကပ်အစား စက်က ဝင်လုပ်ပေးတာသာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျောက်ကပ် စတင်ထိခိုက်လာတဲ့ လက္ခဏာတွေ တွေ့ရှိလာပြီဆိုတာနဲ့ စောစောစီးစီး အမြန်ပြသကုသမှုယူကြဖို့ အကြံပြုပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















