ကျောရိုးအာရုံကြောမ ထိခိုက်ဒဏ်ရာရခြင်း
ကျောရိုးအာရုံကြောမကြီးဟာ ဦးနှောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွယ်တန်းနေသော အာရုံကြောမျှင်များစွာ စုဝေးနေသောအာရုံကြောတိုင်တစ်ခု ဖြစ်ပါတယ်။
ထိုကျောရိုးအာရုံကြောမကို ထိခိုက်ဒဏ်ရာရပါက စုတ်ပြဲခြင်း၊ သွေးခြေဥခြင်းသို့မဟုတ် လုံးဝပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ကလေးတွေမှာ ကျောရိုးအာရုံကြောမဒဏ်ရာရရှိပါက ရာသက်ပန်အောက်ပိုင်းမလှုပ်ရှားနိုင်ခြင်းနှင့်အတူ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။
>> ကျောရိုးအာရုံကြောမကို ဒဏ်ရာရရှိစေနိုင်တဲ့ အကြောင်းတွေအနေနှင့် -
● မွေးဖွားစဉ်ရသောဒဏ်ရာများကြောင့်
● အမြင့်မှပြုတ်ကျခြင်း
● ယာဉ်မတော်တဆဖြစ်ခြင်း
● အားကစားလုပ်စဉ်ဒဏ်ရာရခြင်း
● ရေထဲ ဒိုင်ပင်ထိုးဆင်းချိန် ဒဏ်ရာရခြင်း
● သေနတ် (သို့) ဓားဒဏ်ရာ
● ကျောရုံအာရုံကြောမပိုးဝင်ခြင်းနှင့် ပြည်တည်ခြင်း စသည်တို့ ဖြစ်ပါတယ်။
>> ရောဂါလက္ခဏာတွေအနေနှင့်ကတော့ -
● ကြွက်သားများအားနည်းလာခြင်း
● ရင်ဘတ်၊ လက်မောင်း၊ ခြေထောက်ရှိ ကြွက်သားများ လှုပ်ရှားမရခြင်း
● အသက်ရှူခက်ခဲခြင်း
● ရင်ဘတ်၊ လက်မောင်း၊ ခြေထောက်တွင် ထိတွေ့မှုအာရုံမသိတော့ခြင်း
● ဆီးဝမ်းသွားခြင်းကို မသိတော့ခြင်းတို့ ဖြစ်ပါတယ်။
အထက်ပါလက္ခဏာများ ရှိနေပြီဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်ဖြင့် -
● သွေးစစ်ခြင်း
● ဓာတ်မှန်ရိုက်ခြင်း
● CT ရိုက်ခြင်း
● MRI ရိုက်ခြင်းတို့ဖြင့် တိကျသောအဖြေကို ရှာဖွေရမှာ ဖြစ်ပါတယ်။
ကျောရိုးအာရုံကြောမတွင် ထိခိုက်မှုဖြစ်ပေါ်ပြီဆိုပါက ပျောက်ကင်းအောင်ကုသနိုင်ဖို့ နည်းလမ်းမပေါ်ထွက်သေးပါဘူး။
● ဆေးဝါးကုသခြင်းနှင့်အတူ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခြင်း
● အသက်ရှူရ လွယ်ကူစေဖို့ စက်အကူအညီယူခြင်း
● ဆီးပိုက်ထည့်ခြင်း
● အစာပိုက်ထည့်ခြင်း
စသည်ဖြင့် နေထိုင်စားသောက်ရ လွယ်ကူစေဖို့ နည်းလမ်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။
ကျောရိုးအာရုံကြောမ ထိခိုက်ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ ကာလရှည်ဆေးရုံတက်ခြင်းနှင့်အတူ ကြွက်သားများအတွက် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုထုံးများခံယူဖို့လည်း လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















