ကြီးမှ ဝက်သက် မပေါက်စေဖို့ ...
ဝက်သက်ဆိုတာ ကလေးမှာပဲ ပေါက်တာ မဟုတ်ပါဘူး။ ကြီးမှ ဝက်သက်ပေါက်တယ်ဆိုတဲ့ စကားလိုပဲ အသက်အရွယ်မရွေး ဝက်သက် ပေါက်နိုင်ပါတယ်။
ဒါကြောင့် ကလေးတွေမှာတင်မကဘဲ အရွယ်ရောက်ပြီးသူတွေမှာလည်း ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။
ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ ဝက်သက်ကို အကောင်းဆုံး တိုက်ခိုက်နိုင်တဲ့အရာကတော့ ကာကွယ်ဆေးပါပဲ။ ကလေးတွေမှာဆိုရင် အသက် တစ်နှစ်အရွယ်မှာ ပထမအကြိမ် ထိုးရပြီးတော့ ကျောင်းမတက်ခင်မှာ ဒုတိယအကြိမ် ထိုးရပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာလည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ကိုယ့်မှာ ဝက်သက် ပေါက်ဖူး၊ မဖူးဆိုတာနဲ့ ကာကွယ်ဆေး ထိုးဖူးလားဆိုတာကို မသေချာရင် ထပ်ထိုးထားလို့ အန္တရာယ်မရှိပါဘူး။ ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်းဆိုရင် ဆေးအာနိသင်ရပါပြီ။
ပုံမှန်အားဖြင့်တော့ MMR ကာကွယ်ဆေး ထိုးထားရင် လုံလောက်ပေမယ့် ချွင်းချက်အခြေအနေတွေတော့ ရှိပါတယ်။ CDC ရဲ့အဆိုအရ ကောလိပ်ကျောင်းသားသူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့သူတွေနဲ့ နိုင်ငံတကာကို ခရီးသွားနေရတဲ့သူတွေမှာ ကာကွယ်ဆေး ၂ ကြိမ်ထိုးဖို့ လိုပါတယ်။
ကာကွယ်ဆေး တစ်ကြိမ်ထိုးရင် 95% လောက် ထိရောက်မှုရှိပါတယ်။ ဒုတိယအကြိမ် ထိုးလိုက်တဲ့အခါမှာ 97% လောက်အထိ အကျိုးသက်ရောက်မှုရှိသွားပြီးတော့ ဒါက အဖြစ်များတဲ့အုပ်စုတွေအတွေက် အရေးကြီးပါတယ်။ ကာကွယ်ဆေး ထိုးထားလား မသေချာဘူးဆိုရင် MMR ကာကွယ်ဆေး သွားထိုးလိုက်တာ ကောင်းပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်အင်္ဂါ အစားထိုးထားသူတွေ၊ HIV ရောဂါပိုးအဆင့် တော်တော်မြင့်နေတဲ့သူတွေနဲ့ ကိုယ်ခံအား မကောင်းတဲ့သူတွေမှာတော့ MMR vaccine ထိုးဖို့ မသင့်ပါဘူး။
>> လူထုအတွင်း ခုခံအားရရှိခြင်း
ဝက်သက်က ကမ်ဘာပေါ်မှာ ကူးစက်မှု အများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝက်သက်ရောဂါပိုးက ဝက်သက်ရှိတဲ့သူ အခန်းထဲက ထွက်သွားပြီးနောက် လေထဲမှာနဲ့ မျက်နှာပြင်တွေပေါ်မှာ ၂ နာရီလောက်နေနိုင်တဲ့အတွက် နောက်လူတွေ ဝင်လာရင် ကူးစက်ခံရနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးပါတဲ့ လေလေးနည်းနည်းလေး ရှူမိတာနဲ့တင် ရောဂါဖြစ်ဖို့ လုံလောက်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့သူက ဝက်သက်ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မိရင် ဝက်သက်ရောဂါဖြစ်ဖို့ 90% ရှိပါတယ်။ ပြီးတော့ လက္ခဏာမပြခင် ၄ ရက်လောက်ကတည်းက သူ့ဆီက ဝက်သက်က တခြားသူတွေကို ကူးစက်နိုင်နေပါပြီ။
Herd immunity ဆိုတာကတော့ အုပ်စုထဲမှာရှိတဲ့ လူအချို့ကို ကာကွယ်ဆေးထိုးထားပြီးတော့ တခြားသူတွေကို မကူးအောင် ကာကွယ်တာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံအား မကောင်းတဲ့သူတွေနဲ့ ကင်ဆာဆေး သွင်းရမယ့်လူနာတွေလိုမျိုး အန္တရာယ်များတဲ့အုပ်စုတွေကို မကူးစက်ဖို့ အရေးကြီးပါတယ်။
>> ဝက်သက်ရဲ့ ရောဂါလက္ခဏာများ
ဝက်သက်က ကိုယ်ပူ၊ ချောင်းဆိုး၊ မျက်လုံးတွေ နီတာနဲ့ စဖြစ်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ အနီစက်တွေ အကွက်တွေက မျက်နှာမှာ အရင်ထွက်လာပြီးတော့ ခန္ဓာကိုယ်ရဲ့အောက်ပိုင်းတွေကို ပျံ့လာပါတယ်။
ဝက်သက်ကြောင့် နားရောဂါပိုးဝင်ခြင်းစတဲ့ သာမန်နောက်ဆက်တွဲဆိုးကျိုးလေးတွေနဲ့ အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေပြီးတော့ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















