ကြောက်စရာ အစာအိ်မ်ကင်ဆာရဲ့ ရှေးဦးနိမိတ်တခု…
မယုသည် ရပ်နေရင်း လဲပြိုကျတော့မလောက် ခံစားလိုက်ရချိန်တွင် ဘေးမှ နံရံကို လှမ်းကိုင်ထားလိုက်ရသည်။ အသက် ၅၀ အရွယ် မိခင်ရဲ့ အစာအိမ် မှန်ပြောင်း အသားစအဖြေက တခုခုမူမမှန်တာပြနေတယ်တဲ့။ ဘာမူမမှန်တာလဲ မသိရသေး။ ထူးထူးထွေထွေ ဘာတွေဖြစ်မှာလဲ။ သာယာနေသော မိသားစုလေးကို အစာအိမ်ကင်ဆာဆိုသော မုန်တိုင်းက စမွှေစပြု ပြီ။ ဆရာ၀န်ရှင်းပြနေသမျှကို မကြားတချက်ကြားတချက်။ ခေါင်းတွေ အဆမတန်ကြီးသွားသလို ခံစားနေရသည်။
အမေက ဒီအရွယ်ထိ ကျန်းမာရေးအလွန်ကောင်းသည်။ တခုတော့ရှိသည်။ သိပ်အစာမကြေချင် လေပွသလိုဖြစ်ဖြစ်နေတာကြာပြီ။ တခါတလေပျိူ့ချင်သလိုလိုပါ ဖြစ်လာတတ်သည်။ အမေက အစာအိမ်လေနာတော့ မကြာခဏဖြစ်တတ်သည်။ တကယ်တော့ ဘာစားစား အစာမကြေချင်သလိုဖြစ်တာတော့ကြာခဲ့ပြီ။ အစားအသောက်မမှန်ဘဲ တစ်နေ့တခြားပိန်လိုက်လာသည်။ ကြုံသလို အစာကြေဆေး အစာအိမ်ဆေးတွေပဲစားသည်။ နောက်ဆုံး ပိန်လွန်းမကပိန်လာမှ သမားတော်ကြီးဆီသွားဖြစ်သည်။ ဆရာကြီးက အစာအိမ်မှန်ပြောင်း ကြည့်ရန် ညွှန်ကြားသည်။
Kremil-S 1
အဆင်ပြေပြေနှင့်် မှန်ပြောင်းကြည့်ပြီးသော်လည်း ကံဆိုးစွာ အဖြေကမကောင်း။ ဓာတ်မှန်တွေ အဆင့်ဆင့်ရိုက် သွေးစစ်ကာ ခွဲစိတ်ဖို့ပြင်ဆင်ရသည်။
ကင်ဆာကို ရသလောက်ခွဲထုတ်ပစ်မယ်ပေါ့။ ခွဲပြီး လူမမာလုံးလုံးဖြစ်သွားသည်။ ခဏပြန်နေကောင်းလာခဲ့ပေမယ့် အချိန်တန်တော့ ကင်ဆာကျိတ်တွေက ပြန့်နေခဲ့ပြီ။ သူသွားရမယ့်နေ့စေ့လာတာပါပဲ။မိသားစုမှာ တစ်နှစ်အတွင်း ငွေအားလူအားမောနေကြပြီ။ မိခင်ကြီးမှာ မောလိုက် အန်လိုက်နှင့်တနေ့မှ မသက်သာပါ။ မယုတယောက် စိတ်လျှော့ထားလိုက်ပြီ။ ကျွေးမွေးပြုစုလာခဲ့သော မိခင်ကြီး ဒီမိသားစုကို မကြာခင်ခွဲခွာသွားတော့မည်မှာ သေချာသလောက်ဖြစ်နေပြီ။
" ဆရာမရေ.. ဆေးလာသွင်းပေးပါဦး "
အရပ်ထဲက ဆရာဝန်မကို ပင့်ကာ အားဆေးသွင်းသည်။ မိခင်ကြီးကတော့ အိပ်ရာထဲက မထနို်င်။
သိပ်မကြာ အိပ်ရာထဲ ပက်လက်ဖြစ် နေရင်းမစားနိုင်မသောက်နိုင် အရိုးပေါ်အရေတင် ဝေဒနာ ရောဂါခံစားရင်း မိခင်ဆုံးပါးသွားပါတယ်။ ဆေးလာသွင်းပေးနေကျ ဆရာဝန်က လာကြည့်ကာသေဆုံးကြောင်း အတည်ပြုပေးသည်။
ဆရာဝန်က မပြန်ခင် မျက်ရည်စက်လက်နှင့် သမီးလုပ်သူကို မေးခွန်းတစ်ခုမေးသည်။
Kremil-S 2
" ခဏခဏအစာမကြေဖြစ်နေတာကြာပီလား "
" ဟုတ်ကဲ့.. အမေက အဲလိုပဲ.. လျက်ဆားလေးစားလိုက် ဘာလေးစားလိုက်နဲ့ နေကောင်းသွားလိုက်ပဲ ... အစာမစားနိုင်တော့မှ ဆေးရုံမှာ အစာအိမ်မှန်ပြောင်း စကြည့်ဖြစ်တာ..အဲဒီကနေ ကင်ဆာရောဂါ စတွေ့တာပါ"
ဆရာဝန်က စကားရှေ့မဆက်။ ဆိုင်ကယ်လေးနှိုးကာ လူနာရှင်ကို ဂရုဏာသက်စွာ တချက်ကြည့်လိုက်ပြီး ပြန်သွားသည်။
အစာအိမ်ကင်ဆာရဲ့ ကနဦး လက္ခဏာ က အစာမကြေတာပါ။ စားပြီးတိုင်း ရင်ပြည့်ရင်ကယ်ဖြစ်နေတတ်ပါတယ်။ အရင်က မဖြစ်ဘူးဘဲ အသက်ငါးဆယ်ကျော်မှ စပြီး ဖြစ်လာတာပါ။ အသက်ရလာလို့ အစာအိမ်လုပ်ငန်းနှေးကွေးလာလို့ဆိုတာထက် အစာအိမ်ကင်ဆာကို ပထမဦးဆုံးစဉ်းစားထားသင့်ပါတယ်။
အစာအိမ်ကင်ဆာရဲ့ ကနဦးရောဂါလက္ခဏာတွေကတော့
• အစားပျက်မယ်
• ပိန်လာမယ်
• ချက်အထက်ပိုင်း ဗိုက်တင်းနေမယ်
• ရင်ပြည့်ရင်ကယ်ဖြစ်မယ်
• ပျို့မယ် အန်မယ်
• ရင်ပူမယ်
• အားယုတ်လာသလိုခံစားရမယ်
အစာအိမ်ကင်ဆာရဲ့ အရေးအကြီးဆုံး ပထမဆုံးလက္ခဏာကတော့ အစာမကြေသလို ရင်ပြည့်ရင်ကယ် တချိန်လုံးခံစားရတတ်တာဖြစ်ပါတယ်။
ကိုယ့်မိသားစုထဲမှာ လူကြီးသူမတွေအစာမကြေတာ လေပွတာ ပျို့တာအန်တာ မစားနိုင်တာတွေ ဖြစ်ပေါ်ခံစားလာရရင် အစာအိမ် ကင်ဆာရဲ့ ကနဦးလက္ခဏာတွေဖြစ်နေတတ်တာမို့ အလေးထားဂရုစိုက် စစ်ဆေးစေချင်ပါတယ်။
ကင်ဆာကို အစောကြီးရှာဖွေတွေ့ရှိရင် ကုသမှုကို အများကြီးစဉ်းစားလို့ရပြီး မျှော်လင့်ချက်မဆုံးရှုံးဖို့ ပိုအလေးသာပါတယ်။ ဒါကြောင့် သက်ကြီးဝါကြီးတွေ အစာမကြေ
ရင်ပြည့်ရင်ကယ် မကြာခဏခံစားနေရရင် အမြန်ဆုံး စစ်ဆေးရောဂါရှာကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















