ခရစ္စမတ်ကာလမှာ စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်စေဖို့ နည်းလမ်းသုံးသွယ်
မကြာမီမှာ ခရစ္စမတ်ကာလ ရောက်ရှိလာတော့မယ်နော်။ ပျော်ဖို့ကောင်းတဲ့အခါသမယဖြစ်သလို စိတ်ဖိစီးမှုများစွာကို ပေးမယ့်အချိန်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ခရစ္စမတ်ကာလကို ပါဝင်ဆင်နွဲကြမယ့်သူတွေအတွက် အဆင်ပြေလွယ်ကူစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> ခရစ္စမတ်ကာလ ဈေးဝယ်ထွက်ခြင်း
လေ့လာချက်များအရ လူ ၆၀ ရာနှုန်းလောက်ဟာ ခရစ္စမတ်ကာလ shopping ထွက်ခြင်းကို မနှစ်သက်တတ်ကြပါဘူး။ ခရစ္စမတ်ကာလတွင်း လူတွေ ထူထပ်များပြားနေမှာဖြစ်တဲ့အပြင် အမျိုးအစားတူပစ္စည်းတွေကို အလုအယက် ရောင်းချနေကြတာ များပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ ခရစ္စမတ်ရာသီမတိုင်မီကတည်းက ကြိုတင်ဈေးဝယ်ထွက်ထားသင့်ပြီး ခရစ္စမတ်ကာလအတွင်းပေးဖို့ လက်ဆောင်များအပြင် မမျှော်လင့်ဘဲ ရောက်လာမယ့် ဧည့်သည်များအတွက်ပါ လက်ဆောင်များ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အွန်လိုင်းကနေ ဝယ်ယူခြင်းဖြင့်လည်း သင့်အချိန်များကို ချွေတာနိုင်ပါတယ်။
>> ခရစ္စမတ်ညစာစားပွဲ
ခရစ္စမတ်ပွဲတော်ဟာ ပျော်စရာကာလဖြစ်ပေမယ့် အကျွေးအမွေးပိုင်း တာဝန်ယူထားသူများအတွက်တော့ စိတ်ဖိစီးပင်ပန်းရတဲ့ကာလတစ်ခုပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အပြင်ထွက်မစားဘဲ အိမ်မှာပဲ ချက်ပြုတ်စားသောက်ဖို့ စီစဉ်ထားပါက တခြားမိသားစုဝင်များကို တာဝန်များခွဲပေးပါ။ ခရစ္စမတ်ကာလမတိုင်ခင်ကတည်းက လိုအပ်တာများကို ကြိုတင်ဝယ်ယူထားပါ။ အလုပ်ရှုပ်သက်သာမယ့် အစားအစာပုံစံများကို ရွေးချယ်နိုင်ပါသေးတယ်။
>> မိသားစုနှင့်သူငယ်ချင်းများ
မိသားစုနဲ့မိတ်ဆွေများကို စုံလင်စွာတွေ့ရတဲ့ အခါသမယဖြစ်တဲ့အားလျော်စွာ အချင်းချင်း ကတောက်ကဆဖြစ်ဖို့ အလားအလာတွေရှိတာလည်း ကြိုတင်တွက်ဆထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တာတွေ မပြောမိအောင်နေခြင်းဖြင့် ပျော်ရွင်ဖွယ်ကာလလေးကို ညီညွတ်စွာ ဖြတ်သန်းသင့်ပါတယ်။ အချင်းချင်း ပူးပေါင်းကစားရတဲ့ ပါဆယ်ဂိမ်းကဲ့သို့ ကစားနည်းတွေကိုလည်း ကစားနိုင်ပါတယ်။
Merry Christmas to you all.
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















