/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချစ်ချင်စိတ်-နည်းပါးနေသူ-အမျိုးသမီးများအတွက်

ချစ်ချင်စိတ် နည်းပါးနေသူ အမျိုးသမီးများအတွက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         လိင်ဆန္ဒ နည်းပါးနေရင် အိမ်ထောင်ရေး သာယာမှု ကျဆင်းလာသလို ကိုယ့်ရဲ့ဘဝကိုလည်း ကျေနပ်နှစ်သိမ့်တဲ့ခံစားချက် နည်းပါးလာတတ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေ လိင်ဆန္ဒ နည်းပါးနေရင် အိမ်ထောင်ကွဲတဲ့အထိ ဖြစ်လာတတ်ပါတယ်။ နှစ်ဦးနှစ်ဖက် လိင်မှုဘဝ ဘယ်လောက်သာယာတယ်ဆိုတာက အိမ်ထောင်ရေးတစ်ခုရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ အလွန်အရေးပါ,ပါတယ်။

          အမျိုးသမီးတွေ လိင်ဆန္ဒ နည်းပါးတာ အမျိုးသားနဲ့ အတူမနေချင်တာတွေ ဖြစ်လာတဲ့အခါ ပထမဆုံးဖြစ်နိုင်တာက စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပါ။ မိမိရဲ့ စိတ်ပျော်ရွှင်မှု အချိုးအစား ဘယ်လောက်ထိရှိလဲဆိုတာ စတင်အရေးပါလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းရောဂါ ဘာမှမရှိဘူးဆိုရင်တောင် လိင်ဆန္ဒနည်းပါးတဲ့ အမျိုးသမီးတွေ အတော်များများဟာ စိတ်ပိုင်းဆိုင်ရာ အားငယ်တာ၊ စိတ်ပျက်တာ၊ အရည်အသွေး ကျဆင်းတာတွေ ဖြစ်နိုင်နေလို့ပါ။

          အမျိုးသားနဲ့ အတူမနေချင်ဘူး၊ အတူအိပ်တိုင်း သာယာမှု မရရှိဘူးဆိုရင်၊ စစဉ်းစားရမှာ အမျိုးသားဘက်က ဖြစ်ပါတယ်။

●        ကိုယ့်တစ်ကိုယ်တည်းအတွက်ပဲ မြန်မြန်ပြီး စေချင်မိသလား။

●        အတူမနေခင် လုံလောက်တဲ့ လှုံဆော်မှုပေးရဲ့လား။ ဥပမာ - ပွေ့ဖက်တာ၊ နမ်းရှုံ့တာ

●        အမျိုးသမီးဘက်က လိုအပ်ချက်ကို မေးမြန်းပြီး သူမဘက်ကို စိတ်ရှိလက်ရှိ ဖြည့်ဆည်းပေးဖို့ စဉ်းစားရဲ့လား။

●        ကိုယ်ကရော တစ်ဖက်နဲ့ အတိုင်အဖောက်ညီညီ လမ်းခင်းပေးခဲ့ရဲ့လား။

          အမျိုးသားတွေဟာ အတူနေအမျိုးသမီးတွေ မိမိပေါ်ကို တုံ့ပြန်မှုနည်းလာရင် နောက်တစ်ခုက အမျိုးသမီးတွေဘက်က ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတူနေဆန္ဒ နည်းပါးလာတဲ့အခါ ပထမဆုံး ဒီလိုအချက်တွေကို  စဉ်းစားထားသင့်ပါတယ်။

●        စိတ်ဓာတ်ကျဆင်းနေတာ

●        စိတ်ဆင်းရဲ၊ စိတ်မချမ်းသာစရာတွေရှိတာ

●        ညအိပ်မပျော်တာ

●        အတွေးများပြီး အာရုံမစိုက်နိုင်တာ

●        မိသားစုဝင်တွေမှာ ပြဿနာများနေတာတွေ ဖြစ်တဲ့အခါ ဆန့်ကျင်ဘက် လိင်အဖော်ပေါ်မှာ သာယာမှုတွေ သိသိသာသာ နည်းပါးလာပါတယ်။ စိတ်ပါဝင်စားမှုက လိင်သာယာတဲ့ဘဝရရှိဖို့ ၈၀ ရာနှုန်းလောက် အရေးပါနေတာပါ။

          မိမိကိုယ်မိမိ သာယာတဲ့ လိင်ဆက်ဆံမှု မလုပ်နိုင်ဘူးလို့ ယုံကြည်ချက်မရှိတဲ့သူတွေဟာ ပိုဆိုးတဲ့ခံစားချက် ရှိတတ်ကြပါတယ်။ ယုံကြည်မှုနည်းပါးလေ အိပ်ရာပေါ်မှာ သာယာမှုနည်းလေပါပဲ။ ဆိုင်ရာအမျိုးသားကပါ လိုက်လိုက်လျောလျော နားလည်မပေးဘူး၊ စိတ်ရှည်စွာ ဦးဆောင်မပေးဘူးဆိုရင် ဘယ်လိုမှ သာယာတဲ့အတူနေဘဝကို ရတော့မှာ မဟုတ်ပါဘူး။

          ဆေးလိပ်သောက်တာ၊ ကွမ်းဝါးတာ၊ ဘီယာသောက်တာတွေ လုပ်တတ်တဲ့အမျိုးသမီးတွေမှာလည်း လိင်အဂါၤကို သွေးစီးဆင်းမှု လျော့နည်းလာတတ်ပါတယ်။ ဒါ့အပြင် နာတာရှည် ရောဂါခံစားနေရသူ ဥပမာ - ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ အာရုံကြောရောဂါသည်တွေ၊ သားအိမ်ထုတ်ထားသူတွေ ကလေးမွေးထားသူ မိခင်တွေမှာလည်း လိင်သာယာမှု ဘဝလျော့ပါးနေတတ်ပါတယ်။ ဒါကတော့ ကိုယ်တွင်းပြဿနာတွေကြောင့် ဖြစ်တဲ့ဆန္ဒ နည်းပါးတာပါ။

 

>>    အတူနေဆန္ဒ နည်းပါးပြီး စိတ်မပါဖြစ်နေတဲ့ ဇနီးသည်ကို ဘယ်လိုအတူနေဖို့ ကြိုးစားကြည့်မလဲ?

●        လိုအပ်ရင် ချောဆီ၊ ဂျယ်လီ သုံးပါ။

●        အမျိုးသမီးတွေကို အတူမနေခင် လှုံ့ဆော်တာ၊ ပွေ့ဖက်တာ၊ နမ်းတာတွေကို လုံလောက်စွာ ပြုလုပ်ပေးပါ။

●        အေးဆေးသာယာပြီး အနှောင့်အယှက်ကင်းတဲ့နေရာလေး ဖန်တီးပေးပါ။

●        သူမ ပြောစကားတွေကို နားထောင်ပေးပါ။

●        ပြဿနာတွေကို ကူညီဖြေရှင်းပေးပါ။

          နောက်တစ်ချက်ကတော့ အသက်ကြီးတဲ့စုံတွဲတွေမှာ အမျိုးသမီးတွေအနေနဲ့ ဟော်မုန်းအစားထိုး ကုသတာက သာယာတဲ့ လိင်မှုဘဝရရှိဖို့ ထိရောက်တဲ့ကုသမှုတစ်ရပ် ဖြစ်ပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)