/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆံပင်တွေကြားက-လောက်ကောင်

ဆံပင်တွေကြားက လောက်ကောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ယူဂန်ဒါနိုင်ငံကို အလည်အပတ်သွားခဲ့တဲ့ အင်္ဂလိပ်အမျိုးသမီးဟာ ခေါင်းထဲက ဆံပင်ကြားမှာ ယင်ဥတွေ ကပ်တွယ်လာခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးက သူမ အိမ်ပြန်လာပြီးအချိန်အထိ ဘာဆိုဘာမှ သတိမမူမိခဲ့ပါဘူး။

          သိပ်မကြာခင်မှာပဲ နဖူးထိပ်က ဆံပင်ကြားမှာ အကျိတ်တစ်ခု ထွက်လာပြီး ရောင်လာလို့ ဆေးရုံသွားပြပါတယ်။ ရိုးရိုးအင်းဆက်ပိုးမွှား ကိုက်ခဲတဲ့ဒဏ်ရာလို့ သူမကို ဆေးပေးပြီး အိမ်ပြန်လွှတ်ခဲ့ကြပါတယ်။

          ဒါပေမဲ့ အမျိုးသမီးကတော့ မသက်သာခဲ့ပါဘူး။ တစ်စတစ်စ ပိုဆိုးလာတဲ့အပြင် ရောင်တာက နဖူးတင်မက မျက်လုံးအိမ်နဲ့ မျက်ခွံတွေပါ ရောင်ကိုင်းလာခဲ့ပါတယ်။ အဲဒီနေရာမှာ စူးစူးကြီး နာနေပါသတဲ့။

          အဖုကို အနီးကပ်ကြည့်လိုက်တဲ့အခါ  ထိပ်ကနေ အရည်ကြည်လေးတွေ စိမ့်ထွက်နေပြီး တော်တော်ရောင်နေပါတယ်။

          တကယ်တော့ အဲဒီအပေါက်ဟာ အထဲက ဘေဘီလောက်ကောင်လေး ဖန်တီးထားတဲ့ အသက်ရှူပေါက်လေးပါတဲ့။ အထဲမှာ တည်နေတာကတော့ မလောက်လေး မလောက်စား လောက်ကောင်လေးတစ်ကောင်သာ ဖြစ်ပါတယ်။

          ဆရာဝန်တွေဟာ အရေပြားကို နီးကပ်စွာ စောင့်ကြည့်ပြီး နဖူးထိပ် အရေပြားထဲက လောက်ကောင်လေးကို ဖယ်ထုတ်ခဲ့ပါတယ်။

          ဒီဆံပင်ထဲက လောက်ကောင် ဘယ်ကရောက်လာတာပါလိမ့်။ အဲဒီအမျိုးသမီးဟာ ရေချိုးပြီး တဘက်ပတ် ပါလိမ့်မယ်။ မသန့်ရှင်းတဲ့တဘက်ကနေ ယင်ဥတွေ ပါလာပြီး လောက်ကောင်တွေအဖြစ် အရေပြားထဲမှာ ဖောက်ထွင်းတည်ရှိသွားတာ ဖြစ်နိုင်ပါတယ်။

          နဖူးအရေပြားမှာ များသောအားဖြင့် လောက်ကောင် မတွယ်တတ်ပါဘူး။ ကျော၊ ပေါင်၊ ခြေသလုံးနဲ့ ဝမ်းဗိုက်တွေမှာ ပိုပြီး လောက်တည်တတ်တာပါတဲ့။ သူတို့ကြိုက်တဲ့နေရာက နဖူးတော့ မဟုတ်ဘူးတဲ့။

          လေးရက်လောက် ဆေးရုံတက်ပြီးတဲ့အခါ လောက်ကောင်လည်း ဖယ်အပြီး သူမ အနာလည်းကျက် နေကောင်းသွားပါပြီ။ အဲဒီအမျိုးသမီးအပြင် တခြားတစ်ယောက်ကလည်း ယူဂန်ဒါနိုင်ငံက ပြန်လာအပြီး နောက်ကျောမှာ လောက်တွယ်လာခဲ့ပါသတဲ့။

          နေရင်းထိုင်ရင်း အရေပြား လောက်တွယ်တယ်ဆိုတာ မရှားတော့ မရှားဘူးလို့ ဆိုရမယ် ထင်ပါရဲ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)