ညစဉ်ခြောက်လှန့်နေသော အိမ်မက်ဆိုးများ
လူတိုင်းလိုလို အိမ်မက်ဆိုး မက်ဖူးလေ့ရှိကြမှာပါ။ ခြောက်ခြားဖွယ်ရာ အိမ်မက်ဆိုးတွေကြောင့် အိမ်မက်ထဲမှာတောင် စိုးရိမ်သောကနှင့် ထိတ်လန့်မှုတွေကို ကျွန်မတို့ ခံစားရပါတယ်။
အချို့သော စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ အိမ်မက်ဆိုးများ ထပ်တလဲလဲမက်ခြင်းနှင့် ဆက်စပ်နေနိုင်ပါတယ်။
>> အိမ်မက်ဆိုးဖြစ်ပေါ်မှု
အချို့သူတွေဟာ တော်တော်ကြာမှ အိမ်မက်ဆိုး တစ်ခါလောက် မက်ကြပေမယ့် အချို့ကတော့ ညစဉ်တိုင်း အိမ်မက်ဆိုးများနှင့် ရင်ဆိုင်ရတတ်ပါတယ်။ လူတစ်ဦးချင်းပေါ် မူတည်ပြီး အိမ်မက်ဆိုးတွင် ပါဝင်သော ဖြစ်စဉ်တွေလည်း တူညီမှုမရှိကြပါဘူး။
>> အိမ်မက်ဆိုးကို မှတ်မိနေခြင်း
အခြားသောအိမ်မက်တွေနှင့် မတူညီသောအချက်မှာ အိမ်မက်ဆိုးတွေကို အသေးစိတ် ပြန်လည်မှတ်မိနိုင်ခြင်း ဖြစ်ပါတယ်။
>> အိပ်ပျော်မှုအဆင့်များနှင့် အိမ်မက်ဆိုး
အိပ်ပျော်မှုအဆင့်တိုင်းကို အစိတ်အပိုင်းကြီး (၂) ခု ပြန်လည်ခွဲခြားနိုင်ပါတယ်။ အိပ်စက်ချိန်ရဲ့ အဓိကအစိတ်အပိုင်းမှာ Non-rapid eye movement (NREM) ဖြစ်ပြီး ဒီအချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတတ်တာမို့ အိမ်မက်မက်လေ့မရှိပါဘူး။ အခြားအစိတ်အပိုင်းကတော့ Rapid eye movement (REM) ဖြစ်ပြီး ဒီအဆင့်မှာ အိမ်မက်ဆိုးများမက်တာ ဖြစ်ပါတယ်။
>> ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
● ကလေးများ အသက် ၃ နှစ်ကနေ ၆ နှစ်လောက်ကတည်းက အိမ်မက်ဆိုးများနှင့် စတင်ကြုံရလေ့ရှိပါတယ်။ အသက် ၃ နှစ်မှ ၅ နှစ်အတွင်း ကလေးများရဲ့ ၁၀-၅၀ ရာနှုန်းလောက်ဟာ ပြင်းထန်သောအိမ်မက်ဆိုးများ မက်လေ့ရှိပါတယ်။
● အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး အိမ်မက်ဆိုးမက်လေ့ရှိတတ်ပါတယ်။
● အိမ်မက်ဆိုးများဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့်ကြုံကြိုက်ခဲ့ခြင်းကို ပြနေသော လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
>> ကုသနည်း
● နာတာရှည် အိမ်မက်ဆိုးမက်ခြင်းကို မကုသပါက အိပ်ရေးပျက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်ရပါလိမ့်မယ်။
● ၃ လထက်ပိုပြီး အိမ်မက်ဆိုးမက်နေသူများကို စိတ်ပိုင်းဆိုင်ရာဆရာဝန်နှင့် ပြသဆွေးနွေးပြီး လိုအပ်သော ကုသမှုကို ခံယူသင့်ပါတယ်။
● ယခင်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြုံတွေ့ခဲ့သူများကိုလည်း ဆရာဝန်ဆီက နှစ်သိမ့်ဆွေးနွေးမှုကို ရယူခြင်း၊ ကုသမှုခံယူခြင်းဖြင့် အိမ်မက်ဆိုးမက်ခြင်းကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။
● တရားထိုင်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ ပျော်ရွှင်တက်ကြွစွာနေခြင်း၊ ချစ်သူခင်သူမိသားစုများနှင့် ပျော်စရာအချိန်များ ဖန်တီးခြင်းတို့ကိုလည်း ကြိုးစားပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















