တက်တူးထိုးရာတွင် အသုံးပြုတဲ့ မှင်မှတဆင့် ရောဂါပိုးကူးစက်နိုင်
ခေတ်ရေစီးကြောင်းအရ လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ တက်တူးကို မထိုးခင်မှာ သေသေ ချာချာစဉ်းစားဖို့ လိုအပ်ပါတယ်။
တက်တူးက ထိုးရလွယ်သလောက် ဖျက်ရာမှာ ခက်ခဲတဲ့အပြင် ရောဂါပိုးကူးစက်ခံရနှုန်း ကိုလည်း မြင့်တက်စေပါတယ်။ ဒါ့အပြင် တက်တူးထိုးရာမှာ အသုံးပြုတဲ့ မှင်ဟာ ခန္ဓာကိုယ်ကို ဆိုးဝါးတဲ့ တုန့်ပြန်မှုတွေဖြစ်ပေါ်နှုန်းနှင့် မှင်မှတဆင့် ရောဂါ ပိုးကူုးစက်ခံရနှုန်းဟာ တဖြည်းဖြည်းများပြားလာပါတယ်။
တက်တူးထိုးခြင်းဟာ လူတဦးရဲ့ လွတ်လပ်ခွင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် တက်တူးထိုးရတာကို နှစ်သက် လို့ထိုးမယ်ဆိုပါက ဆိုင်ကို သေချာစွာရွေးချယ်ပါ။ လိုင်စင်ရဆိုင်မှာ ကျွမ်းကျင်တဲ့သူနဲ့သာထိုးပါ။ ဒါ့အပြင် အသုံးပြုတဲ့အပ်၊ မှင်၊ ရောင်ခြယ်များ ရောစပ်ရန် အသုံးပြုတဲ့ရေ စတာတွေကလည်း အရေးကြီးပါတယ်။ တခါသုံးအပ်ဖြစ်ဖို့ လိုအပ်သလို ရောစပ်ရေကလည်း သန့်ရှင်းဖို့ လိုအပ်ပါတယ်။
အသုံးပြုတဲ့မှင်ကို ကြည့်ခြင်း၊ အနံ့ခံခြင်းဖြင့် ဘေးကင်မှု ရှိ/မရှိ မသိနိုင်တာကြောင့် တထစ်ချပြောလို့မရပါဘူး။ သန့်ရှင်းသောမှင်ဟု တံဆိပ်ကပ်ထားသည့်တိုင်အောင် ဘက်တီးရီးယားနှင့် မှိုတွေရှိနေနိုင်တာကြောင့် ရောဂါပိုးကူးစက်ဖို့ အလားအလာရှိပါတယ်။ ဒါ့ကြောင့် တက်တူးထိုးပြီးနောက် အနီစပ်ထွက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်းခြင်း စတဲ့လက္ခဏာတွေကို ခံစားရပါက ဆရာ၀န်နှင့် ပြသသင့်ပါတယ်။
Dr. Htet Htet Aung
















