/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေကာခရင်မ်-မှန်ကန်စွာ-အသုံးပြုနည်း

နေကာခရင်မ် မှန်ကန်စွာ အသုံးပြုနည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေရောင်အောက်ကိုသွားရင် နေကာခရင်မ် လိမ်းသွားသင့်တယ်ဆိုတာကို အားလုံးသိကြပေမယ့် ဒါကို ဘယ်လိုနည်းမှန်လမ်းမှန် လိမ်းရမယ်ဆိုတာကို သေချာမသိကြသေးတာတွေ ရှိပါတယ်။ အသုံးပြုနည်း မမှန်ရင် ထင်သလောက် အကျိုးသက်ရောက်မှု မရှိပါဘူး။

          ပထမဆုံးအချက်အနေနဲ့ သက်တမ်းကုန််ဆုံးမှုမရှိတဲ့ နေကာခရင်မ် ဖြစ်ရပါမယ်။ သက်တမ်းကုန်ဆုံးရက်ကို ဘူးပေါ်မှာ ရှာကြည့်ပါ။ သက်တမ်းကုန်နေပြီဆိုရင် လွှင့်ပစ်လိုက်ပါ။ သက်တမ်းကုန်နေတဲ့ နေကာခရင်မ်က ဘယ်လောက်အကျိုးရှိမယ်ဆိုတာကို မသိနိုင်သလို အရမ်းကြာလွန်းတဲ့အတွက် အထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပါတယ်။ လူကြီးတစ်ယောက်အတွက် တစ်ခါလိမ်းရင် 1 အောင်စလောက် ရှိဖို့လိုပြီးတော့ ခန္ဓာကိုယ် အရွယ်အစားအပေါ် မူတည်ပြီး ကလေးတွေအတွက် ဒီထက်နည်းနိုင်ပါတယ်။

 

•        အချိန်ကြိုပြီး လိမ်းပါ

          နေကာခရင်မ် အများစုက လိမ်းပြီး မိနစ် 30 လောက်ကြာမှ ကောင်းကောင်း အကျိုးသက်ရောက်မှု ရှိလေ့ရှိပါတယ်။ ကျွန်ုပ်တို့ အများစုက နေကာခရင်မ်လိမ်းပြီး အကျိုးသက်ရောက်မှုမရှိခင်မှာပဲ နေရောင်အောက်ကို ထွက်ကြတဲ့အခါမှာ အသားအရေတွေ နေလောင်ပြီး နေကာခရင်မ် မကောင်းဘူးလို့ အယူအဆ မှားနေကြပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို အပြင်မထွက်မီ မိနစ် 30 ကြိုလိိမ်းထားပါ။

 

•        လုံလုံလောက်လောက် လိမ်းပါ

          ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်နိုင်ဖို့ဆိုရင် နေကာခရင်မ် 1 အောင်စလောက် လိုပါတယ်။ မနှမြောပါနဲ့။ မလိမ်းခင်မှာ 1 အောင်စလောက်ကို ခွက်တစ်ခုခုထဲ ကြိုပြီး ညှစ်ထည့်ထားပါ။ ပြီးရင် အသားထဲကို နောက်ထပ် စိမ့်မဝင်နိုင်တော့တဲ့အထိ သေချာပွတ်လိမ်းပေးပါ။ ကိုယ်မမှီတဲ့နေရာတွေကို တခြားတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိမ်းခိုင်းပါ။ နောက်ပြီး ဒူးခေါင်းနောက်၊ ဂုတ်၊ နားနောက် စတဲ့ မေ့ကျန်တတ်တဲ့နေရာတွေကိုပါ သေချာလိမ်းပေးပါ။

 

•        မကြာခဏ ပြန်လိမ်းပေးပါ

          နေကာခရင်မ်ကို မကြာခဏ ပြန်လိမ်းပေးဖို့ လိုပါတယ်။ နေကာခရင်မ် အများစုက ဘူးပေါ်မှာ တစ်ခါလိမ်းရင် ဘယ်လောက်ခံတယ်ဆိုတာကို ဖော်ပြထားလေ့ ရှိပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင် 1 နာရီတစ်ခါ (သို့) ရေကူးပြီးတိုင်း ပြန်လိမ်းပေးပါ။ ရေစိုခံတယ်လို့ ပြောထားရင်တောင်မှ ရေစိုခံတယ်ဆိုတဲ့ အဓိပ္ပာယ်က ရေနဲ့ထိတွေ့ပြီး မိနစ် 80 လောက်အထိ ခံတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ချေွးထွက်တာကလည်း ရေနဲ့ထိတွေ့ခြင်း တစ်မျိုးဖြစ်တဲ့အတွက် မကြာခဏ ပြန်လိမ်းပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိုနေတဲ့နေရာတွေကို တဘက်နဲ့ ခြောက်အောင် ပွတ်လိုက်ပြီးရင် ပြန်လိမ်းပေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)