နှလုံးတိုက်ခိုက်ခံရရင် ဘာလုပ်ကြမလဲ
အလုပ်မှာ၊ ကျောင်းမှာ၊ လမ်းမှာ ကိုယ့်ဘေးနားက လူတစ်ယောက် အောင့်တယ်၊ အောင့်တယ် ဆိုပြီး ရင်ဘတ်ဖိရင်း လဲကျ သတိလစ်သွားတာမျိုး ကြုံခဲ့ရရင် ကိုယ် ဘယ်လို အကူအညီပေးနိုင်မလဲ?
နှလုံးတိုက်ခိုက်ခံရခြင်း (Heart attack) ဆိုတာကတော့ နှလုံးကြွက်သားတွေဆီကို သွေးထောက်ပံ့မှု ရပ်တန့်သွားတဲ့အတွက်ကြောင့် နှလုံကြွက်သား ပုပ်သွားတာပါ။
>> အဖြစ်များဆုံးသော လက္ခဏာတွေကတော့ -
● ရင်ဘတ်အောင့်ခြင်း အများအားဖြင့် ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို တင်းကြပ်နေတာ၊ ရင်ဘတ်အလယ်မှာ ဆုတ်ဆွဲလိုက်သလို နာကျင်တာ၊ အစာမကြေတာလိုမျိုး ခံစားရတတ်ပါတယ်။
● ပခုံး၊ လည်ပင်း၊ လက်မောင်း၊ နောက်ကျော၊ မေးရိုးနဲ့ လည်ချောင်းတွေမှာ နာကျင်တာ၊ မသက်မသာဖြစ်တာ၊ တင်းကြပ်တာ၊ လေးလံတာတွေ ဖြစ်တတ်ပါတယ်။
● ပျို့အန်ချင်တာ
● ကိုယ်လုံးက အေးပြီးတော့ ချွေးတွေ ထွက်တာ
● ခေါငး်ကိုက်တာ
● အသက်ရှူမြန်တာ
● ပုံမှန်မဟုတ်ဘဲ မောပန်းတာ စတာတွေ ဖြစ်တတ်ပါတယ်။
Heart attack ရဲ့ လက္ခဏာတွေကတော့ တစ်ယောက််နဲ့ တစ်ယောက် ခံစားရတာချင်း မတူပါဘူး။ တချို့လူတွေမှာ ပြင်းထန်ပြီး တချို့လူတွေမှာ အနည်းငယ်နဲ့ လက္ခဏာ လုံးဝမပြတာလည်း ရှိပါတယ်။ heart attack ရပြီဆိုရင် လက္ခဏာတွေက ၁၀ မိနစ်ထက် ပိုကြာတတ်ပါတယ်။
Heart attack ရဲ့ လက္ခဏာတွေကို ခံစားရတဲ့ လူအများစုက သူတို့ကိုယ်သူတို့ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဒီရောဂါလက္ခဏာတွေကို ခံစားရတဲ့အခါမှာ ချက်ချင်း ကုသမှုခံယူဖို့ လိုပါတယ်။ အထူးသဖြင့် -
● ရောဂါလက္ခဏာတွေ ပြင်းထန်ရင်
● မြန်မြန်ကြီး ပိုဆိုးလာရင်
● ရောဂါလက္ခဏာတွေက ၁၀ မိနစ်ထက် ပိုကြာရင် အထူးဂရုပြုဖို့ လိုပါတယ်။
>> ဘာလုပ်သင့်သလဲ?
● ကိုယ် အခုလုပ်နေတဲ့ အလုပ်ကနေ ခုချက်ချင်း ရပ်လိုက်ပြီး ထိုင်ပြီး (သို့) လှဲပြီး အနားယူပါ။
● နှလုံးသွေးကြော ကျဉ်းတာအတွက် သောက်နေကျဆေးရှိရင် ချက်ချင်းသောက်ပါ။
● အရေးပေါ်ကား ခေါ်ပါ။
● Aspirin ဓာတ်မတည့်တာ မရှိဘူးဆိုရင် ချက်ချင်းသောက်ပါ။
● အသက်ရှူ မြန်လာရင် ထိုင်ချပါ။
● မူးပြီး မေ့မြောချင်သလို ဖြစ်လာရင် လှဲပြီး အနားယူလို်ကပါ။
ဆေးရုံကို ကိုယ်တိုင် ကားမောင်းမသွားပါနဲ့။ heart attack လက္ခဏာတွေကို ကိုယ်တိုင် ခံစားရရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက် ဖြစ်နေတာကိုပဲတွေ့တွေ့ တုံ့ဆိုင်းမနေပါနဲ့။ အရေးပေါ်ကုသမှု ချက်ချင်းရယူပါ။
>> နှလုံးခုန် ရပ်တန့်သွားခြင်း
နှလုံးလုပ်ဆောင်မှုတွေ ရုတ်တရက် ရပ်သွားပြီးတော့ ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု ဆုံးရှုံးသွားတာပါ။
>> နှလုံးခုန် ရပ်သွားပြီလို့ ဘယ်လိုသိနိုင်မလဲ?
● လူနာက တုံ့ပြန်မှု မရှိတော့ဘူး။
● နှလုံးလည်း မခုန်တော့ဘူး။
● အသားအရေ ဖြူဖျော့သွားမယ် (သို့) ပြာသွားမယ်။
>> ဘာလုပ်သင့်သလဲ?
နှလုံးခုန်ရပ်သွားတာက အရေးပေါ်အခြေအနေပါ။ လျင်မြန်စွာ သွေးညှစ်ထုတ်နိုင်မှုနဲ့ အောက်ဆီဂျင် မရဘူးဆိုရင် သေနိုင်ပါတယ်။
ဒါကြောင့် အချိန်က အရမ်းအရေးကြီးပါတယ်။
● လူနာတင်ယာဉ် ခေါ်ပါ။
● CPR လို့ခေါ်တဲ့ နှလုံးနှိုးခြင်းကို လုပ်ဆောင်ပါ။
ပါးစပ်ချင်းတေ့ပြီးတော့ အသက်ရှူပေးခြင်းနဲ့ ရင်ဘတ်ကို ဖိပေးခြင်းတွေလုပ်ဖို့ လိုပါတယ်။
● မြန်မြန်လုပ်ဖို့ လိုပါတယ်။ တတ်ကျွမ်းနားလည်တဲ့သူ အနားမှာရှိရင် အကူအညီတောင်းပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















