နှလုံးဖောက်ခြင်းရဲ့လက္ခဏာများ
ခေတ်သစ်ကမ္ဘာမှာ အစားအသောက်၊ လှုပ်ရှားသွားလာမှု စသည်ဖြင့် လူနေမှုပုံစံတွေ ပြောင်းလဲလာတာကြောင့် နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေ အဖြစ်များလာပါတယ်။ ဒီထဲမှာမှ ကြောက်စရာရောဂါတစ်ခုကတော့ ရုတ်တရက် နှလုံးသွေးကြောပိတ်တာပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် နှလုံးဖောက်ခြင်းရဲ့ရောဂါလက္ခဏာတွေကို သိထားပြီး နီးစပ်ရာ အရေးပေါ်ဌာနမှာ အချိန်မီ ကုသမှုခံယူနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
>> အမျိုးသားများတွင် -
● ခေါင်းမူးခြင်း၊ သတိလစ်တော့မလိုဖြစ်ခြင်း
● စိတ်ပူပန်လှုပ်ရှားလာခြင်း၊ အကြောင်းမရှိဘဲ ကတုန်ကယင်ဖြစ်လာခြင်း
● အသက်ရှူမဝခြင်း (ရင်ဘတ်မအောင့်ခင်မှာ ရုတ်တရက် မောကျပ်လာခြင်း)
● ရင်ဘတ်အောင့်ခြင်း (ရင်ညွန့်မှာ ညစ်ထားဆွဲထားသလို မိနစ်အနည်းငယ်ကြာအောင့်ခြင်း၊ ရင်ညွန့်ကနေ ပခုံး၊ လက်မောင်း၊ ကျော၊ လည်ပင်း၊ သွားနဲ့ သွားဖုံးထိကို နာတာ ပျံ့သွားခြင်း)
● ဗိုက်အောင့်ခြင်း (ရင်ပူခြင်း)
● ပျို့အန်ခြင်း
● ချွေးစေးပြန်ခြင်း၊ ခြေလက်တွေ အေးစက်သွားခြင်း။
>> အမျိုးသမီးများတွင် -
● ခေါင်းမူးခြင်း၊ သတိလစ်တော့မလိုဖြစ်ခြင်း
● အသက်ရှူမဝခြင်း (ရင်ဘတ်မအောင့်ခင်မှာ ရုတ်တရက် မောကျပ်လာခြင်း)
● ရင်ဘတ်အောင့်ခြင်း (ရင်ညွန့်မှာ ညစ်ထားဆွဲထားသလို မိနစ်အနည်းငယ်ကြာအောင့်ခြင်း၊ ရင်ညွန့်ကနေ ပခုံး၊ လက်မောင်း၊ ကျော၊ လည်ပင်း၊ သွားနဲ့ သွားဖုံးထိကို နာတာ ပျံ့သွားခြင်း)
● ဗိုက်အောင့်ခြင်း (ရင်ပူခြင်း)
● ပျို့အန်ခြင်း
● ချွေးစေးပြန်ခြင်း၊ ခြေလက်တွေ အေးစက်သွားခြင်း
● ညဘက်မှာ အိပ်မပျော်ခြင်း
● အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်နုံးနေခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
အထက်ပါလက္ခဏာရပ်တွေကို ၅ မိနစ်ထက်ပိုပြီး ကြုံတွေ့ခံစားရပါက သတိထားသင့်ပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး ပြသသင့်ပါတယ်။ တစ်ခါတလေ လက္ခဏာ တစ်ခု၊ နှစ်ခုလောက်သာ ပြတတ်ပြီး တစ်ခါတလေ ပျောက်လိုက်၊ ပေါ်လာလိုက် ဖြစ်နေတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)