နှလုံးသွေးကြော ပိတ်ပြီးနောက် ရှောင်ကြဉ်သင့်သည့်အရာများ
နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် ရင်ဘတ်အောင့်ခြင်းကို နှလုံးဖောက်တယ်လို့ အရပ်ထဲ အလွယ်တကူ ခေါ်တတ်ကြပါတယ်။ ဒီလိုဖြစ်ပြီးနောက်မှာ နောက်ထပ် ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမယ့်အချက်များ ရှိပါတယ်။ ဒီအချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ဆရာဝန်၊ ဆရာမများနဲ့ တိုင်ပင်သင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ယေဘုယျ ရှောင်ကြဉ်သင့်တဲ့အချက်များကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။
• ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ကို လုံးဝဖြတ်လိုက်ခြင်းက နှလုံးရောဂါ ဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
• အစားအသောက်
အစားအသောက် ဆင်ခြင်ခြင်းက နှလုံးရောဂါအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းက နှလုံးဖောက်ခြင်းကို နှစ်ဆခန့် လျော့ကျစေနိုင်ပါတယ်။
တစ်နေ့ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ငါးကြိမ်ခန့် စားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ပြည့်ဝဆီတွေကို ရှောင်ကြဉ်ပါ။ စားသုံးတဲ့ ဆီပမာဏထက် ဆီအမျိုးအစားက ပိုအရေးကြီးပါတယ်။ ပြည့်ဝဆီများတဲ့ အသားလိပ်မုန့်၊ ဝက်အူချောင်း၊ ထောပတ်၊ ခရင်မ်၊ ချိစ်ခဲ၊ ကိတ်မုန့်၊ ဘီစကစ်မုန့်နဲ့ အုန်းဆီ ပါဝင်တဲ့ အစားအစာ စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မပြည့်ဝဆီများတဲ့ ငါးသလောက်၊ ဆာဒင်း၊ ဆယ်လ်မွန် စတဲ့ ငါးများ၊ ထောပတ်သီး၊ အစေ့အဆံများ၊ နေကြာစေ့နဲ့ သံလွင်ဆီများဟာ သွေးတွင်း ကိုလက်စထရောဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။
အငန် လျှော့စားပါ။ ဆား လျှော့စားခြင်းဖြင့် နှလုံးရောဂါ ပိုမဆိုးလာစေရုံသာမက အခြားသော နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
• အရက်
အရက် အနည်းငယ်သောက်ခြင်းက နှလုံးကို ကာကွယ်ပေးနိုင်ပေမယ့် သောက်သုံးသင့်တဲ့ ပမာဏထက် ပိုမိုသောက်သုံးနေပါက ကျန်းမာရေးကို ဆုတ်ယုတ်စေနိုင်ပါတယ်။
တစ်ပတ်ကို အရက် 14 ယူနစ်ထက် ပိုမသောက်သင့်ပါဘူး။ တစ်ပတ်အတွင်း 14 ယူနစ်ကို မျှမျှတတ သောက်ပြီး တစ်ပတ်မှာ 2 ရက်ခန့် အရက်မသောက်ဘဲ နေသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ ကလေးယူဖို့ ကြိုးစားနေသုတွေမှာ အရက် လုံးဝမသောက်သုံးသင့်ပါဘူး။
အရက် 1 ယူနစ်ဆိုသည်မှာ ပုံမှန် ဘီယာတစ်ပိုင့်ဝက်၊ ဝို်င်ခွက်အသေး သုံးပုံနှစ်ပုံ၊ အရက်ဖြူ လက်ဖက်ရည်ကြမ်း တစ်လုံးစာတို့နဲ့ ညီမျှပါတယ်။
• လေ့ကျင့်ခန်း
နှလုံးရောဂါ ဖောက်ဖူးသူတွေမှာ ပုံမှန်လေကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ တတ်နိုင်သမျှ လှေကားကနေ တက်တာမျိုး၊ ဈေးကို လမ်းလျှောက်သွားတာမျိုး၊ ကိုယ်တိုင် ကားရေဆေးမျိုး စတာတွေ လှုပ်လှုပ်ရှားရှား လုပ်သင့်ပါတယ်။
ဒါပေမဲ့ ပုံမှန်လှုပ်ရှားတာမျိုးသာ လုပ်သင့်ပါတယ်။ အားကုန်စိုက်ထုတ် လုပ်ကိုင်ရတဲ့ ပြင်းပြင်းထန်ထန် အလုပ်မျိုးကိုတော့ မလုပ်သင့်ပါဘူး။
• ကိုယ်အလေးချိန်
အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချသင့်ပါတယ်။
• သွေးတိုး၊ ဆီးချိုရောဂါ
သွေးတိုး၊ ဆးီချိုရောဂါ ရှိသူတွေမှာ သွေးပေါင်မတက်အောင်၊ ဆိီးချို ပုံမှန်ဖြစ်နေအောင် ဆင်ခြင်ပြီး ထိန်းသင့်ပါတယ်။
• ဆေးဝါးများ
အက်စပရင် သွေးကျဲဆေး၊ Beta blocker၊ ACEI နဲ့ အဆီကျဆေး စတက်တင်တို့ကို ပုံမှန်စွဲသောက်ရပါမယ်။
• ပုံမှန်လုပ်ငန်းဆောင်တာ
စတင်လှုပ်ရှားနိုင်သည့် အချိန်ကစလို့ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပါ။
• အလုပ်အကိုင်
နှလုံးထဖောက်ပြီး 2 လ၊ 3 လခန့် အတွင်းမှာ အလုပ် ပြန်လုပ်နိုင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။
• ကားမောင်းခြင်းနဲ့ လေယာဉ်စီးခြင်း
ရောဂါဖြစ်ပြီး လေးပတ်အတွင်း ကားမမောင်းသင့်ပါဘူး။ သေသေချာချာ နာလန်ပြန်ထူမှသာ ပြန်မောင်းသင့်ပါတယ်။ ကားမောင်းခြင်းက ရင်ဘတ်ပြန်အောင့်စေတယ် ဆိုရင်တော့ ကောင်းကောင်း သက်သာမှသာ ပြန်မောင်းပါ။
• စိတ်ဖိစီးခြင်း၊ စိတ်ပူပန်ခြင်း နဲ့ စိတ်အပန်းဖြေခြင်း
စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ ထတတ်တယ်ဆိုတာကို အရင်ကတည်းက လက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ လေ့လာစမ်းသပ်မှုတွေကတော့ စိတ်ဖိစီးမှုကြောင့် နှလုံးဖောက်တယ်ဆိုတာကို သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ စိတ်ပူပန်တတ်သူတွေဟာ စိတ်ပြေလျော့ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။
• လိင်မှုကိစ္စ
ပထမ ရက်သတ္တပတ် အနည်းငယ်မှာ ရှောင်သင့်ပါတယ်။ ပုံမှန်လုပ်ကိုင် လမ်းလျှောက်နိုင်ပြီ ဆိုရင်တော့ ပြဿနာ မရှိတော့ပါဘူး။ အတူနေရင်း ရင်ဘတ်အောင့်လာပါက ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။
• နှလုံး ပြန်လည်ကြံ့ခိုင်အောင် လေ့ကျင့်ခြင်း
နှလုံးရောဂါ ထပြီးနောက်မှာ လေ့ကျင့်ခန်း၊ အစားအသောက်၊ စိတ်ဖိစီးမှု၊ ပုံမှန်နေ့စဉ် လှုပ်ရှားမှုနဲ့ အလုပ်အကိုင်တွေအပေါ် အကြံဉာဏ်များ ရနိုင်အောင် နှလုံးကြ့ံခိုင်ရေး အစီအစဉ်တွေကို ပါဝင်သင့်ပါတယ်။
• ကာကွယ်ဆေး
နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးနဲ့ အဆုတ်ရောင်ကာကွယ်ဆေးတို့ကို ထိုးသင့်ပါတယ်။
• သတိပြုသင့်သော အခြားအချက်များ
ရင်ဘတ် ပြန်အောင့်လာရင် နှလုံးသွေးကြော ပြန်ကျဉ်းတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
မောကျပ်လာခြင်း၊ အမော မခံနိုင်ခြင်း၊ ခြေထောက်များ ဖောလာခြင်း စတာတွေ ဖြစ်လာပါက အရင်ကလို ပုံမှန် အလုပ် မလုပ်နိုင်တော့တဲ့အတွက် နှလုံးရောဂါ ဖြစ်လာတတ်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဆေးများ သောက်သင့်ပါတယ်။
နှလုံးဖောက်ပြိီးနောက် စိတ်ပူပန်ပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျနေတယ်လို့ ထင်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးဝါးဓာတ်စာများနဲ့ ကုသခြင်းက ဘဝကို ပြန်လည်သာယာ ပျော်ရွှင်စေနိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















