နှာခေါင်းစည်း တပ်တော့မယ်ဆို သိထားဖို့
အခုလို COVID-19 ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်မှာ လူတိုင်းသိချင်တာက လူတိုင်းနှာခေါင်းစည်းတပ်ဖို့ လို၊ မလို ဆိုတာပါပဲ။
ပြည်သူလူထုအတွက် နှာခေါင်းစည်းက ဘာတွေကောင်း၊ ဘာတွေမကောင်းဘူးလဲ?
COVID-19 ဟာ ရောဂါပိုးရှိသူ နှာချေ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ တစ်ဆင့်သော်လည်းကောင်း၊ ရောဂါပိုးရှိနေတဲ့မျက်နှာပြင်တစ်ခုခုကို ထိတွေ့မိပြီး မျက်နှာတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကို ထိတွေ့မိရာကနေသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။
WHO အဆိုအရဆိုရင် ချွဲစုပ်တဲ့အခါ၊ အသက်ရှူပိုက်ထည့်တဲ့အခါမျိုးမှာ ထွက်လာတဲ့ သေးငယ်တဲ့ အမှုန်တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်တယ်ဆိုပါတယ်။
အခုနောက်ဆုံးသတင်းအရဆိုရင် ရိုးရိုးစကားပြော၊ အသက်ရှူတာကနေ ထွက်လာတဲ့ ဒီသေးငယ်တဲ့အမှုန်တွေကနေတစ်ဆင့်လည်း ကူးနိုင်တယ်လို့ ဆိုပါတယ်။
နှာခေါင်းစည်းနဲ့ ပတ်သတ်လာရင် ခွဲခန်းသုံးနှာခေါင်းစည်းနဲ့ ရိုးရိုးအဝတ်နှာခေါင်းစည်းတွေဟာ ဒီအမှုန်အမွှားတွေကို အပြည့်အဝ မကာကွယ်နိုင်ဘဲ N95 နှာခေါင်းစည်းကသာ ကာကွယ်ပေးနိုင်တယ် ဆိုပါတယ်။
>> ခွဲခန်းသုံးနှာခေါင်းစည်းများ
ခွဲခန်းသုံးနှာခေါင်းစည်းတွေဟာ ကြိုးကို နားနောက်မှာစွပ်ပြီး နှာခေါင်းနဲ့ပါးစပ်ကို အုပ်ပေးထားတာမို့ မျက်နှာနဲ့ကွက်တိမကျဘဲ ဟနေတတ်ပါတယ်။ ဒါကြောင့် လေထဲကအမှုန်အမွှားတွေကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။
နောက်တစ်နည်းပြောရရင် ခွဲခန်းသုံးနှာခေါင်းစည်းသုံးခြင်းဖြင့် ကိုရိုနာရောဂါပိုးမကူးအောင် မကာကွယ်ပေးနိုင်ပေမယ့် ပိုးရှိသူတစ်ဦးဆီကနေ သူများဆီ ပိုးမကူးအောင်တော့ ကာကွယ်နိုင်ပါတယ်။ ပိုးဝင်ပြီး ရောဂါလက္ခဏာ တော်ရုံမပြတာ၊ လက္ခဏာ လုံးလုံးမပြတာတွေဖြစ်နိုင်တာမို့ ခွဲခန်းသုံးနှာခေါင်းစည်းကလည်း အရေးပါပါတယ်။
ဒါပေမဲ့ ခွဲခန်းသုံးနှာခေါင်းစည်းတွေဟာ ကမ္ဘာအနှံ့မှာ ပြတ်လတ်နေတာမို့ ခွဲခန်းသုံးနှာခေါင်းစည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။
>> N95 နှာခေါင်းစည်း
N95 နှာခေါင်းစည်းတွေဟာ မျက်နှာကို တင်းတင်းကြပ်ကြပ် အုပ်ပေးပြီး လေထဲကအမှုန်အမွှားတွေကို စစ်ထုတ်ပေးတာမို့ ပိုအသုံးဝင်ပါတယ်။ ဒါပေမဲ့ ဒီ N95 နှာခေါင်းစည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေကလွဲပြီး သုံးဖို့ မလိုအပ်ပါဘူး။ N95 နှာခေါင်းစည်းတွေဟာလည်း ရှားပါးနေပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအတွက်တော့ N95 နှာခေါင်းစည်းနဲ့ ခွဲခန်းသုံးနှာခေါင်းစည်းတို့သာ အသုံးပြုသင့်ပါတယ်။
>> ရိုးရိုးအဝတ်နှာခေါင်းစည်း
အပေါ်မှာပြောခဲ့တဲ့ နှာခေါင်းစည်းနှစ်မျိုးလုံးကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ဖယ်ထားရတာမို့ ရိုးရိုးအဝတ်နှာခေါင်းစည်းတွေပဲ ကျန်ပါတယ်။
အဝတ်နှာခေါင်းစည်းတွေအတွက် သတ်မှတ်ထားတဲ့စံညွှန်းရယ်လို့ မရှိပါဘူး။ သုံးတဲ့အဝတ်စနဲ့ အံဝင်ခွင်ကျ ရှိ၊ မရှိပေါ် မူတည်ပြီးတော့ နှာခေါင်းစည်းရဲ့အသုံးဝင်မှုက ကွာခြားသွားပါတယ်။ အဝတ်နှာခေါင်းစည်းတွေဟာ ပြင်ပကအမှုန်အမွှားတွေကို မကာကွယ်ပေးနိုင်ပေမယ့် တပ်ဆင်ထားသူဆီကထွက်တဲ့ အမှုန်အမွှားတွေကိုတော့ စစ်ထုတ်ပေးထားနိုင်ပါတယ်။
ဒါ့အပြင် အဝတ်နှာခေါင်းစည်း တပ်ထားခြင်းအားဖြင့် မျက်နှာကို မကြာမကြာ ကိုင်မိနေခြင်းကို တားဆီးပေးပါတယ်။
>> နှာခေါင်းစည်းရဲ့ပြဿနာက
ပြည်သူလူထုတွေထဲ နှာခေါင်းစည်းစည်းခြင်းဖြင့် လူတွေကို စိတ်လုံခြုံမှု အမှားကြီးဖြစ်စေပါတယ်။ ဒါကြောင့် လက်ဆေးဖို့၊ လူတွေနဲ့ ၆ ပေအကွာနေဖို့ စတဲ့အချက်တွေကို လိုက်နာဖို့ ပေါ့လျော့သွားစေပါတယ်။
နောက်တစ်ချက်က နှာခေါင်းစည်းတပ်ထားတဲ့အခါ နှာခေါင်းစည်းကို မကြာခဏ ကိုင်ကိုင်ပြင်တတ်တဲ့အတွက် မျက်နှာကို လက်နဲ့ ပိုပြီးကိုင်မိစေနိုင်ပါတယ်။
ဒါကြောင့် နှာခေါင်းစည်းစည်းတာဟာ လက်ကို သေချာဆေးတဲ့အလေ့အကျင့်နဲ့ တွဲလိုက်မှသာ အကျိုးရှိပါတယ်။
အဓိကမှာချင်တာကတော့ နှာခေါင်းစည်းကို တပ်တာက ကာကွယ်မှု တစ်ခု ဆိုပေမယ့် လက်ကို မကြာမကြာ ဆေးကြောတာ၊ လူတွေနဲ့ ၆ ပေအကွာနေတာစတဲ့ ကာကွယ်မှုတွေက ပိုစိတ်ချရပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















