ပင်ပန်းပြေ၊ အိပ်ချင်ပြေ နည်းလမ်းများ
(1) Vitamin D ရယူပါ။
နေရောင်ခြည်ဟာ စိတ်ကို မြန်မြန်ဆန်ဆန် နိုးကြားစေတဲ့ သဘာဝစွမ်းအင်တစ်ခုပါပဲ။ နေရောင်ခြည်က ရရှိတဲ့ Vitamin D လူကို လန်းဆန်းစေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပင်ပန်းပြီး အိပ်ချင်နေရင် နိုးကြားလာအောင် ခန်းဆီးလိုက်ကာတွေကိုဖွင့်ပြီး နေရောင်ခြည်ဓာတ် ခံယူသင့်ပါတယ်။
(2) ရေများများသောက်ပါ။
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရနေရချိန်မှာ ရေများများ သောက်ပေးသင့်ပါတယ်။ ရေအေးအေးလေးတစ်ခွက်ဟာ ပြန်လည်လန်းဆန်းလာစေပြီး ပင်ပန်းနွမ်းနွယ်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
(3) အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးပါ။
အိပ်ငိုက်တယ် ပင်ပန်းတယ်ဆိုပြီး မနက်စာကို မစားဘဲ မနေပါနဲ့။ ပြီးတော့ နေ့လယ်စာစားချိန်မှာလည်း အဆီပါဝင်မှုများတဲ့ အစားအစာတွေ မစားပါနဲ့။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို နည်းနည်းစီနဲ့ တစ်နေ့တာလုံး စားပေးသင့်ပါတယ်။
(4) လမ်းလျှောက်ပါ။
ငိုက်မျဉ်းစပြုလာပြီး၊ အာရုံနောက်လာပြီဆိုပါက ထိုင်နေတဲ့နေရာမှထပြီး ၅ မိနစ်စာလောက် အကွာအဝေးကို လမ်းလျှောက်ပေးပါ။ ဖျော်ရည်တစ်မျိုးမျိုးကို ကိုယ်တိုင်ဖျော်သောက်တာမျိုး၊ လုပ်ဖော်ကိုင်ဖက်ရဲ့ဌာနဆီသွားပြီး စကားပြောတာမျိုး ပြုလုပ်ပေးပါ။
(5) အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ပါ။
အိပ်ငိုက်တာဟာ ဦးနှောက်က အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတော့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အသက်ပြင်းပြင်းရှူသွင်းရှူထုတ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အောက်ဆီဂျင် ဖြည့်တင်းပေးပြီး ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။
(6) မြူးကြွတဲ့သီချင်းများ နားဆင်ပါ။
သာယာငြိမ့်ညောင်းတဲ့ ဂန္တဝင်တေးဂီတသံတွေအစား မြူးကြွတဲ့ခေတ်ပေါ် တေးသီးချင်များကို နားဆင်ပေးပါ။
(7) အကြောများ ဖြေလျော့ပါ။
တီဗွီ ဒါမှမဟုတ် ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံး ထိုင်နေပါက ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် မိနစ် 30 ကြာရင် တစ်ခါလောက် ထရပ်ပြီး ခြေဆန့်လက်ဆန့် ပြုလုပ်ပေးရပါမယ်။
(8) လေကောင်းလေသန့် ရှူရှိုက်ပါ။
လေကောင်းလေသန့်ရရှိခြင်းကြောင့် သွေးကို သန့်စင်စေပြီး စိတ်ကို ပြန်လည်ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်လာပါက လေကောင်းလေသန့်ကို တဝကြီး ရှူရှိုက်ပေးသင့်ပါတယ်။
(9) ရေချိုးပါ။
ဖြစ်နိုင်ရင် ရေချိုးပါ။ အလုပ်ထဲမှာဆိုရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ ပက်ဖျန်းပေးပြီး အိပ်ငိုက်ပြေအောင် ပြုလုပ်ကြည့်ပါ။
CMS (www.drmyanmar.com)
















