ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေ
သတ္တုဓာတ်တွေ၊ ဗီတာမင်တွေဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရမ်းကို အရေးပါတယ်ဆိုတာ သိကြမှာပါနော်။ ပိုတက်ဆီယမ်ဆိုတဲ့ သတ္တုဓာတ်ဟာလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်ပါပဲ။
ပိုတက်ဆီယမ်ဟာ သွေးပေါင်၊ အရိုး၊ နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် အရေးပါတယ်။
ခန္ဓာကိုယ်မှာ အရာရာတိုင်းဟာ ပျမ်းမျှပုံမှန်ရှိမှ အလုပ်လုပ်နိုင်မှာဖြစ်လို့ ပိုတက်ဆီယမ် ချို့တဲ့တဲ့အခါ -
● ချွေးတွေပြန်ပြီး အရည်ဓာတ် ခမ်းခြောက်ခြင်း
● လက်တွေ၊ ခြေတွေ ထုံကျင်ခြင်း
● နှလုံးခုန်မမှန်ခြင်း
● နုံးပြီး မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း
● ထင်ယောင်ထင်မှားတွေမြင်ခြင်း
● ပျို့ခြင်း၊ အန်ခြင်း
● မကြာခဏ ရေဆာခြင်း
● ဆီး ခဏခဏသွားခြင်း၊ ဆီးသွားများခြင်း
● သွေးပေါင်ကျခြင်း
● မူးလဲခြင်း
● စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာနိုင်တယ်။
ဒါဆိုရင် ဒီလိုတွေမဖြစ်ရအောင် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို သင့်တင့်မျှတစွာ စားဖို့ လိုတာပေါ့။
● ငှက်ပျောသီး
● ခရမ်းချဉ်သီး
● သခွားမွေး
● နို့
● လိမ္မော်
● ဟင်းနုနွယ်
● နို့ခဲ
● ပဲသီး
● ဇီးသီး
● စွံပလွံသီး
● အာလူး
● မက်မွန်
● စပျစ်ခြောက်
ဒါတွေဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲနော်။
ဒါတွေအပြင်ကို -
ကွမ်းရွက် : ကွမ်းရွက်မှာ ပိုတက်ဆီယမ်အပြင် အင်တီအောက်စီဒန့်အကျိုးလည်း ရှိတယ်နော်။
ဒိန်ချဉ် : သဘာဝဒိန်ချဉ်အချဉ်မှာ ပိုတက်ဆီယမ်တွေကြွယ်ဝလို့ ပုံမှန်စားပေးသင့်တယ်။
ဆီးသီး : ပိုတက်ဆီယမ်တွေပါလို့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဆီးသီးစားသူတွေဟာ ပိုပြီးအရိုးသန်မာတာကို တွေ့ရတယ်။
သကာရည် : ပိုတက်ဆီယမ်အပြင် ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေပါပါလို့ သကြားအစားထိုး သုံးပေးသင့်တယ်။
ပဲ : ပဲခွက်တစ်ဝက်လောက်မှာ ပိုတက်ဆီယမ် ၅၀၀ မီလီဂရမ် ပါတယ်နော်။
>> ပိုတက်ဆီယမ်ရဲ့အကျိုးအာနိသင်တွေကတော့ -
အသက်အရွယ်မရွေး ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်ကို တိုးတက်စေနိုင်စွမ်းရှိတယ်။
အရည်ဓာတ်ကို အလွယ်တကူ ထိန်းညှိပေးနိုင်စွမ်းရှိတယ်။ သွေးထဲမှာလည်း ဓာတ်သတ္တုတွေကို ညီမျှစေတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ စိတ်ဖိစီးမှုဟာ အခုခေတ်မှာ လူတိုင်းနီးပါးခံစားနေရတဲ့ ပြဿနာပါ။ တချို့က စိတ်ဖိစီးမှု လျော့ကျဖို့ ဆေးတွေ သောက်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ အစားအသောက်တွေကလည်း စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်တယ်နော်။
ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးမြှင့်ပေးသေးတယ်။ ဒီလိုမတိုးမြှင့်ပေးနိုင်ရင် အလွယ်တကူ နုံးချိနေလိမ့်မယ်။ အထူးသဖြင့် အားကစားတွေ လုပ်တဲ့အချိန်မျိုးမှာပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)














