ပြောမယုံ ကြုံမှသိ
၂၀၀၇ လောက်က မအူမလည် ဆရာဝန်ပေါက်စ ဘဝ အဖြစ်အပျက်ပါ။
ဆေးကုသဆောင်ရဲ့ အရေးပေါ်လူနာခန်းထဲမှာ ဖုတ်လိုက် ဖုတ်လိုက် လူနာတွေနဲ့ အလုပ်တွေရှုပ်နေခဲ့တဲ့ ရက်တစ်ရက်မှာပေါ့။
ကျန်တဲ့ လူနာတွေ အတွက် အလုပ်ရှုပ်ရပေမယ့် လူနာတစ်ယောက်ကတော့ အေးအေးဆေးဆေး။
ကွန်ပြူတာ ဓာတ်မှန်မှာတောင် ရောဂါ လုံးဝရှာမရတဲ့ အမျိုးသမီးလူနာက ကုတင်ပေါ်မှာ လောကကြီးနဲ့ အဆက်ပြတ်နေတာ ၃ ရက်ရှိပြီလေ။ တုတ်တုတ်တောင်မလှုပ်လို့ ဆရာဝန်တွေ အကြံအိုက်နေတာပေါ့။
အဲ့နေ့ကမှ များလိုက်တဲ့ လူနာအသစ်။
ဆရာဝန်လေးလဲ ဟိုပြေးဒီပြေး ပြာယာခတ် နေချိန် ဝုန်းခနဲ ပေါက်ကွဲသံ တစ်ချက်ကြားလိုက်ရသည်။
ဘာဖြစ်မှန်းမသိပေမယ့် အန္တရယ်ကို နားလည်သည့် ခန္ဓာကိုယ်က အလိုအလျောက် မြေပေါ်ပြားပြားဝပ်။
တဒိပ်ဒိပ် ခုန်နေတဲ့ ရင်က ပေါက်ထွက်မတတ်။
ငါတော့ သွားပြီ ထင်ပါရဲ့...
ခဏကြာထိ ဘာသံမှ မကြားရမှ ကိုယ့်ကိုကိုယ် ငုံ့ကြည့်မိတော့ အကောင်းပဂတိ။
အဲ့တော့ မှ ဘေးဘီကို ကြည့်မိတော့ လူတိုင်းလဲ ပြားပြားဝပ်။ ခဏကြာမှ အကြောင်းရင်း ရှာဖွေတော့မှ အောက်စီဂျင် အိုးကြီးများပြည့်နေသော အရေးပေါ်ခန်းထဲမှာ လူနာစောင့်က ဆေးလိပ် သောက်ဖို့ မီးခြစ်သတဲ့ ။
အမယ်မင်း ဟစ် ဟစ်ပြီးသာ ငိုချင်တော့တယ်...
ဒီအချိန် သတိရမိတာက အရေးပေါ်လူနာတွေ။
ဘုရားရေ လန့်ပြီး နှလုံးများရပ်သွားကြပြီလား။
အရေးပေါ်ခန်းထဲ ပြေးဝင်လာတဲ့ ဆရာဝန်ဟာ ကုတင်ပေါ်မှာ သုံးရက်တိတိမေ့နေတဲ့ လူနာက ငုတ်တုတ်ထိုင်ပြီး သူ့ကို မျက်လုံးပြူးကြည့်နေတာတွေ့ရချိန်မှာတော့...
"ဆရာမ ကျွန်မ ဘာဖြစ်တာလဲဟင်"တဲ့
အဲ့နေ့ကစပြီး အဲ့ဒီလူနာ လူကောင်းပကတိ ဖြစ်သွားပါရောကွယ်...
Khin Cho
















