ပြေးနေရင်းနဲ့ ရင်ဘတ်ထအောင့်တဲ့အခါ
ပြေးနေရင်း၊ လှုပ်ရှားနေရင်းနဲ့ ရင်ဘတ်ထအောင့်တဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါကို ကြောက်ကြမှာပေါ့။ ဒါပေမဲ့ နှလုံးကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး။ ဘာတွေကြောင့် ဒီလိုအောင့်တတ်တယ်ဆိုတာ ကြည့်ကြည့်ကြရအောင်။
ကဲ ... ပြေးနေရင်းနဲ့ လမ်းတစ်ဝက်လောက်အရောက်မှာ ရင်ဘတ်ထဲက ထအောင့်တယ်ဆိုပါစို့။ တဖြည်းဖြည်းနဲ့ ရင်ဘတ်ထဲက ဆွဲစုပ်ထားသလို ဖြစ်လာတဲ့အခါ ကြောက်စိတ်တွေလည်း တိုးတိုးလို့လာပြီပေါ့။ နှလုံးသွေးကြောများ ပိတ်ပြီလား? သိပ်လည်း စိတ်မလောကြီးပါနဲ့ဦး။ ပြေးနေရင်းနဲ့ ရင်ဘတ်ထအောင့်တာ ကြောက်ဖို့ကောင်းပေမယ့်လည်း တစ်ခြားအကြောင်းရင်းတွေအများကြီးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဒီလိုအောင့်လာတာကို လျစ်လျူလည်း မရှူသင့်သလို တအားကြီး စိုးရိမ်သွားဖို့လည်း မလိုပါဘူ။
ဒီလိုပြေးနေရင်း ရင်ဘတ်အောင့်တာဟာ ကျန်းမာရေးအရ ပြေးတဲ့သူတွေမှာရော၊ ကျနး်မာရေးကောင်းတဲ့ အားကစား အပြေးသမားတွေမှာပါ တွေ့ရတတ်ပါတယ်။ အဓိကက နှလုံးကြောင့်၊ ပန်းနာရင်ကြပ်ကြောင့် ရင်ဘတ်အောင့်တာ ဟုတ်၊ မဟုတ်ကို ခွဲခြားသိဖို့ပါ။
ကဲ ... ဒါဆိုရင် ပြေးနေတုန်း ရင်ဘတ်အောင့်စေနိုင်တဲ့ အကြောင်းရင်း ၅ ချက်ကို ပြောပြပေးပါ့မယ်နော်။
၁။ လတ်တလောမှစပြေးတာကြောင့်အောင့်ခြင်း
ပြေးကျင့်မရှိသူ၊ လေ့ကျင့်ခန်းလုပ်ကျင့် မရှိသူတွေမှာတော့ စပြေးပြေးချင်းမှာ ကိုယ်ခန္ဓာက အတင်းအားစိုက်ထုတ်ရပါတယ်။
ဒါကြောင့် စပြေးတော့မယ်ဆိုရင် အရှိကိုအရှိတိုင်း ပန်းတိုင်ချမှတ်ဖို့ လိုပါတယ်။ စစချင်းမှာ လမ်းလေးလျှောက်ပြီး သွေးပူအောင်လုပ်၊ နောက်မှ တဖြည်းဖြည်းချင်း ခြေလှမ်းကို စိပ်ပေးတာ ပိုကောင်းပါတယ်။ သီချင်းလေးဆိုပြီး ပြေးကြည့်ပါ။ ခြေလှမ်း ပိုမှန်လာပါလိမ့်မယ်။ စကားပြောရတာ ခက်ခဲလာပြီဆိုရင် ခြေလှမ်းကို နည်းနည်းလျှော့ပေးပါ။
စပြေးခါစမှာ အသက်ရှူ မမှန်တာမျိုးကတော့ အစပိုင်းမှာ ခဲယဉ်းပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း အဆင်ပြေလာမှာပါ။ ပြီးတော့ ဘာလေ့ကျင့်ခန်းပဲစလုပ်လုပ် ဆရာဝန်နဲ့ သင့်တော်၏၊ မတော်၏ အရင်တိုင်ပင်ပါ။
၂။ ရင်ဘတ်ကြွက်သားတွေ ကြွက်တက်ခြင်း
ခြေသလုံးကြွက်သားတွေလိုပဲ နံရိုးကြားကြွက်သားလို့ခေါ်တဲ့ ရင်ဘတ်ကြွက်သားတွေဟာလည်း ကြွက်တက်တတ်ပါတယ်။ ကြွက်တက်လို့နာတာမျိုးဟာ လက်ညှိုးနဲ့တိတိပပ ညွှန်ပြနိုင်တဲ့ နာကျင်ခြင်းမျိုး ဖြစ်ပါတယ်။ လှုပ်ရှားလိုက်ရင် ပိုနာတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဓာတ်ဆားဆုံးရှုံးခြင်းတွေကြောင့် ဒီလိုရင်ဘတ်ကြွက်သားတွေ ကြွက်တက်တာပါ။
ရင်ဘတ်ကြွက်သားတွေ သန်မာအောင် လုပ်ဖို့နည်းလမ်းမရှိတာကြောင့် အဓိကကတော့ ရေဓာတ်ပြည့်ဝအောင် သောက်ပြီး အသက်ရှူပုံကို ပြောင်းပြောင်းပေးပါ။ ဥပမာ ခြေနှစ်လှမ်းလှမ်းပြီးတိုင်း အသက်ရှူသွင်းပြီး နောက်နှစ်လမ်းလှမ်းတိုင်း အသက်ရှူထုတ်နေမယ်ဆိုရင် တခြားရှူပုံဖြစ်တဲ့ နှစ်လှမ်းလှမ်းတိုင်း ရှူသွင်းပြီး သုံးလှမ်းလှမ်းတိုင်း ရှူထုတ်ပေးတာမျိုးပါ။ ဒါမှ ရင်ဘတ်ကြွက်သားတွေကို အလွယ်တကူ အားမနည်းသွားစေဘဲ ညီညီမျှမျှ အလုပ်လုပ်နိုင်အောင် အားပေးနိုင်မှာပါ။
၃။ အက်ဆစ်အစာပြွန်ထဲ ပြန်ဆန်တက်တဲ့ ရင်ပူနာဖြစ်ခြင်း
ပြေးခြင်းဟာ မသိလိုက် မသိဘာသာနဲ့ အစာအိမ်အူလမ်းကြောင်းပေါ် ဖိအားသက်ရောက်စေပါတယ်။ ဗိုက်မှာ ဖိအားသက်ရောက်မှု များလာတဲ့အခါ အစာပြွန်ရှုံ့ ကြွက်သားပြေလျော့လာပြီး အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာပြွန်ထဲ ဆန်တက်လာတော့တာပေါ့။
ဒါကြောင့် မပြေးခင်မှာ အစား အများကြီး မစားပါနဲ့။ စားမိရင်တောင် အက်ဆစ်များစေတဲ့ အပူအစပ်တွေ၊ အကြော်အလှော်တွေနဲ့ ကော်ဖီ၊ လက်ဖက်ရည်ကို ရှောင်ပေးပါ။ ပြီးတော့ မပြေးခင် ကိုယ်စားတဲ့ အစားအသောက်တွေကိုလည်း အမြဲဆန်းစစ်နေဖို့ လိုပါတယ်။ တကယ်လို့ ငှက်ပျောသီးစားပြီး ပြေးတဲ့အခါ လေချဉ်တက်တတ်တယ်ဆိုရင် နောက်သရေစာတစ်မျိုး ပြောင်းစားပေးတာမျိုးပေါ့။
၄။ ပန်းနာရင်ကြပ်လိုမျိုး အဆုတ်ရောဂါတစ်မျိုးမျိုး ရှိနေခြင်း
ပြေးတဲ့အချိန် ရင်ဘတ်ထဲ နေလို့မကောင်းတာဟာ ပန်းနာရင်ကြပ်ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရှိနေသူတစ်ယောက်မှာ ဒီလို လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပန်းနာရင်ကြပ်ကို ကာကွယ်ဖို့ လေ့ကျင့်ခန်းမလုပ်ခင် ဆေးကြိုသောက်တာ၊ ရှူဆေးဆောင်ထားတာမျိုး လုပ်နိုင်ပါတယ်။ ရှူဆေးရှူတာတောင် မသက်သာဘူးဆိုရင်တော့ သေချာဆေးကုသမှု ခံယူဖို့လိုပါပြီ။ ဒီလိုဖြစ်လာရင် ပြေးနေတာကို ရပ်လိုက်ပါ။ ဒါနဲ့မှမသက်သာဘဲ အသက်ရှူ ကြပ်လာတယ်၊ တရွှီရွှီမြည်လာတယ်ဆိုရင်တော့ အရေးပေါ်ကိုပြေးပါတော့။
နောက်ထပ် အဖြစ်နည်းပေမယ့် ကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုက အဆုတ်လေဖုံးခြင်းနဲ့ အဆုတ်သွေးကြောပိတ်ခြင်းတို့ပါ။ ဒီအခြေအနေ ၂ မျိုးလုံးဟာ ရုတ်တရက် ရင်ဘတ်ထဲအောင့့်ပြီး အသက်ရှူကြပ်ကာ နားလိုက်ရုံနဲ့ မသက်သာဘဲ လာတတ်ပါတယ်။ ဒီလိုမျိုး တွေ့ကြုံလာပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြေးပြပါ။
၅။ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ နှလုံးရောဂါများ
ကဲ ... အဆိုးဆုံးလာပါပြီနော်။ ပိုပိုပြေးလေလေ၊ နှလုံးက ပိုပိုအလုပ်လုပ်ရလေပါပဲနော်။ ဒါပေမဲ့ နှလုံးသွေးကြောတွေ ကျဉ်းနေတဲ့အခါ နှလုံးအတွက် ပိုလိုအက်လာတဲ့သွေးကို ကောင်းကောင်း မသယ်ဆောင်ပေးနိုင်တော့ဘဲ လေ့ကျင့်ခန်းလုပ်ချိန် ရင်ဘတ်အောင့်တော့တာပါပဲ။ ဒါကို နှလုံးသွေးကြောကျဉ်းရောဂါလို့ ခေါ်ပါတယ်။ နားလိုက်ရင် သက်သာသွားပါလိမ့်မယ်။ သက်သာသွားမယ်ဆိုပေမယ့် ဒီလိုဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ဆေးတွေသောက်ဖို့ လိုပါတယ်။
နောက် လေ့ကျင့်ခန်းကြောင့် နှလုံးဖောက်တယ်လိုခေါ်တဲ့ နှလုံးသွေးကြောပိတ်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရင်ဘတ်အောင့်တာ ပိုပိုဆိုးလာတာ၊ မေးရိုး၊ နောက်ကျော၊ ဘယ်ဘက်လက်မောင်းတစ်လျှောက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေပါ နာကျင်လာတတ်ပါတယ်။ ဒါ့အပြင် ချွေးစေးတွေ ပြန်လာတာ၊ ပျို့တာ၊အန်တာ၊ အသက်ရှူ ကြပ်တာ၊ ရင်တုန်တာ၊ မူးဝေတာတွေဟာ လှုပ်ရှားမှု ပြင်းထန်လေလေပိုဆိုးပြီး နားလိုက်ရင် သက်သာသွားခဲ့ရင် နှလုံးသွေးကြောပိတ်လက္ခဏာတွေပါပဲ။ အရေးပေါ်သာ ပြေးပါတော့။
နှလုံးမှာ တစ်ခုခုဖြစ်နေပြီထင်ရင် အကောင်းဆုံးက ဆရာဝန်နဲ့ပြတာပါ။ ဘာမှမဖြစ်ရင်တော့ ပိုက်ဆံကုန်တာလောက်သာရှိပြီး တစ်ခုခုသာဖြစ်နေခဲ့ရင် ကိုယ့်အသက်ကို ကိုယ်ကယ်တင်နိုင်မှာပါနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















