/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်နာရာက-သားဥအိမ်ကင်ဆာ-ဖြစ်သွားတဲ့ကလေးလေး

ဗိုက်နာရာက သားဥအိမ်ကင်ဆာ ဖြစ်သွားတဲ့ကလေးလေး ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စင်ကာပူနိုင်ငံက အသက် ၇ နှစ်အရွယ် ကလေးလေး ရှီရူအန်လေးတစ်ယောက် အိမ်ကလူတွေနဲ့အတူ ညစာစားနေတုန်း ရုတ်တရက်ကြီး ညာဘက်ဗိုက်အောက်ပိုင်းက အောင့်လာတော့တယ်။

          ဘယ်လောက်တောင်ဆိုးလဲဆိုရင် လှုပ်တောင် မလှုပ်နိုင်ဘူးတဲ့။ ကလေးလေးမိဘတွေလည်း ချက်ချင်း ဆေးရုံကို ခေါ်သွားတာပေါ့။

          အံ့သြထိတ်လန့်စရာပါပဲ။ ကလေးလေးမှာ  သားဥအိမ်ကင်ဆာ ဖြစ်နေခဲ့တာပါ။

 

>>    ဘယ်လိုဖြစ်ပြီး ကလေးမှာ ဒီကင်ဆာဖြစ်ရတာလဲ?

          မတ်လ၊ ၂၀၁၇ မှာ ရှီရူအန်လေးဟာ အဆင့် (၂) သားဥအိမ်ကင်ဆာ ဖြစ်နေတယ်လု့ိ သိခဲ့ရတယ်။

          သိသိချင်းပဲ ညာဘက်သားဥအိမ်နဲ့ သားဥပြွန်ကို ခွဲထုတ်လိုက်ရတယ်။ ပြီးတော့ (၄) လလောက်ကြာအောင် ကင်ဆာဆေးတွေ သွင်းရသေးတယ်။

          ကလေးလေးမေမေ ချန်းဘေယန်က “ ကျွန်မ တကယ်ကို လန့်သွားတာပါ။ ဒီလောက်ငယ်တဲ့ ကလေးလေးမှာ ဘယ်လိုဖြစ်ပြီး ဒီလိုရောဂါကြီး ဖြစ်ရတာလဲ?” လု့ိ ရင်ဖွင့်ခဲ့ရှာတယ်။

          ကလေးလေးကတော့ ရောဂါတောက်လျှောက်ကို အေးအေးဆေးဆေး ရဲရဲဝံဝံပါပဲ။ မေမေမှာသာ စိတ်ပူပန် စိုးရိမ်ထိတ်လန့်နေခဲ့တာပေါ့။

           “ ကျွန်မကသာ ကြောက်နေခဲ့တာ။ သမီးလေးကတော့ ကင်ဆာဆေး စသွင်းတုန်းက ဆေးရုံမှာ အရုပ်တွေ အများကြီးနဲ့ ဆော့ရတာ ပျော်လွန်းလို့ ဆေးသွင်းရမယ့်ရက်ကို မျှော်တောင် မျှော်နေသေးတယ်” လို့ မေမေက ပြန်ပြောပြပါတယ်။

          တော်သေးတာက အခုဆို သမီးလေးမှာ ကင်ဆာ လုံးဝကင်းသွားပြီဖြစ်ပြီး ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပါပြီ။ အပျိုဖေ်ာဝင်တဲ့အချိန်အထိ အမြဲမှန်မှန်စစ်ဆေးဖို့တော့ လိုတာပေါ့။

           “ သမီးလေးဖြစ်တဲ့ရောဂါက အင်မတန်ရှားတော့ တောက်လျှောက်ဆေးစစ်နေဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ကင်ဆာဆေးတွေ သွင်းထားပေမယ့်လည်း အချိန်တန်ရင် ပုံမှန်ဓမ္မတာ လာနိုင်တယ်လို့လည်း ဆရာဝန်က ပြောတယ် ”

 

>>    ကလေးတွေမှာ သားဥအိမ်ကင်ဆာ ဘာကြောင့်ဖြစ်တာပါလဲ?

          ကလေးတွေမှာဖြစ်တဲ့ သားဥအိမ်ကင်ဆာက တကယ်တေ့ာ အရမ်းရှားပါတယ်။ သားဥအိမ်ဆဲလ်တွေ ကြီးထွားမှု ပုံမမှန်လို့ ဖြစ်တာပါ။ ကလေးတွေမှာ ဘာကြောင့်ဖြစ်တာလဲတော့ သေချာမသိသေးပါဘူး။ ဖြစ်နိုင်တာတစ်ခုက မျိုးရိုးဗီဇအကြောင်းတွေ ပါမယ်လို့တော့ ထင်ရပါတယ်။

          သားဥအိမ်ကင်ဆာဆိုတာ ကလေးတွေမှာ တော်ရုံမဖြစ်တတ်ပါဘူး။

          သားဥအိမ်ကင်ဆာဖြစ်တဲ့ လူအများစုမှာ ဘာရောဂါလက္ခဏာမှမဖြစ်ဘဲ လာတတ်တယ်။

 

          ရောဂါလက္ခဏာတွေကို သိထားရအောင် ပြောပြမယ်နော်။

●        ရာသီလာချိန်မှာ အရမ်းနာကျင်တာ

●        ဗိုက်မှာ အလုံးစမ်းမိတာ

●        ဗိုက်နာတာ

●        ယောင်္ကျားလက္ခဏာတွေ ပေါ်လာတာ

           (ဥပမာ- အမွေးအမျှင်တွေ ပေါက်လာတာ၊ အသံတွေသြလာတာ)

●        အပျိုဖော် စောစောဝင်တာ

          ဒါတွေကို သတိထားပြီး ကြည့်ကြည့်ကြနော်။

 

          ကုသနည်းတွေကတော့ သားဥအိမ်ကင်ဆာ အမျိုးအစားနဲ့ ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာပေါ် မူတည်ပါတယ်။ ခွဲစိတ်ကုသတာရယ်၊ ဓာတ်ရောင်ခြည် ကုသတာရယ်နဲ့ ကင်ဆာဆေး သွင်းတာရယ် စသဖြင့် ကုသနည်းတွေကတော့ အများကြီး ရှိပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)