ဗိုက်ပြဿနာ
ဒီနေ့မှ တွေ့ခဲ့ဖူးတဲ့ ဗိုက်ကလေးတွေ သတိရနေမိသည်...
ခွဲစိတ်အရေးပေါ်မှာ တာဝန်ကျနေတဲ့ အချိန်မှာ ၁၈နှစ်မလေး တစ်ယောက် လူးလိမ့်ပြီးရောက်လာ သည်။ ချွေးသီးချွေးပေါက်ကျအောင် နာနေပုံက မမြင်ရက်စရာ... ဗိုက်နာတယ်ဆိုတာကလွဲရင်ဘာမှ မေးမရ။
မေးမရရင် စမ်းမယ်ကွာဆိုပြီး ဗိုက်လှန်တော့ ဆီးခုံမှာ လုံးလုံးလေး ...
လူက မသိတောင် စမ်းနေကျလက်က ချက်ချင်းသိသည် ... ကလေးတိုးတာပါ ခံစားလို့ရနေသည် ...
ခက်တာက သူ့ဗိုက်က ကိုယ့်ဗိုက်လောက်ပင်မပူ ?
နဝေတိမ်တောင်နှင့် ပြန်မေးတော့ သမီးက ကလေးတဲ့ ... ကလေးက ကလေးရှိနေတာ ဘယ်လိုရှင်းပြရမယ်မသိ ...
ကိုယ့်ကိုယုံကြည်တဲ့ ဆရာမလေးကလဲ မဟုတ်နိုင်ပါဘူး အစ်မရယ် ... သားအိမ် အလုံးဖြစ်မှာပါတဲ့ ...
အင် ...ဘာလုပ်ရမလဲ ... ကုသမှုက တခြားစီ
ဒါဆို USG ရိုက်ကွာဆိုပြီး ကြည့်တော့လဲ ကလေးနှလုံးခုန်သံကြားရတယ်တဲ့ ...
ကလေးဆို မွေးစရာကိုယ့်မှာ လက်ပဲရှိသည် ...
ထို့ကြောင့်လွှဲရမည် ...ထိုအချိန်ထိ အိမ်ကလက်မခံ ... အောက်ပိုင်း အစမ်းမခံ ... ငိုချင်ပါဘိ ဘာလုပ်ရမှန်းမသိ ...
သူတို့ သေချာပုံက ကိုယ်မှားနေသလားတောင် သံသယ ဝင်လာသည် ???
ကံဇာတာ လေးတစ်ချက်တက်လာပြီး ဗိုက်တစ်ကြိမ်ထိုးနာလာချိန်တွင် ဗွမ်းကနဲ ရေမွှာပေါက်ထွက်သွားသည် ...
ပျော်လိုက်ပါဘိ အဟိ ...
တွေ့လား တွေ့လား ကလေးပါလို့ပြောသားပဲ
နှုတ်ခမ်း မစူရုံတမယ်ပြောကာ အမျိုးသမီးဆေးရုံသို့ အရေးပေါ်လွှဲပေးခဲ့ရပါကြောင်း ။
Khin Cho
















