ဗိုက်အောင့်,အောင့်နေတာ ဘာကြောင့်လဲ?
>> ဘယ်လိုအကြောင်းတွေကြောင့် ချက်နောက်နားလေးမှာ အောင့်တတ်ပါသလဲ?
1. အစားမှားခြင်း
တစ်ခါတလေမှာ ကိုယ်စားလိုက်တဲ့ အစားအစာတွေကြောင့် ဗိုက်အောင့်တတ်ပါတယ်။ အစား အလွန်အကျွံ စားမိတဲ့အခါ အစာအိမ်ကို ဖိအားများများ သက်ရောက်စေနိုင်သလို နည်းလွန်းရင်လည်း အက်ဆစ်တွေ ပြန်ကန်တက်တတ်ပါတယ်။ တစ်ခါတစ်ရံ အချို့အစားအစာတွေနဲ့ ကိုယ်က မတည့်တာကို မသိဘဲ စားလိုက်မိတဲ့အခါမှာလည်း အောင့်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးဝင်ရင်လည်း ဗိုက်အောင့်တာတွေ၊ လေပွတာတွေ ဖြစ်တတ်ပါတယ်။
2. ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဘက်တီးရီးယားပိုး ဆီးလမ်းကြောင်းထဲကို ဝင်ရောက်ခြင်းကြောင့် ချက်နေရာမှာ အောင့်တတ်ပါတယ်။ အစပိုင်းမှာ ဆီးအိမ်ထဲ ပိုးဝင်ရုံလောက်ပဲဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒါကို မကုဘဲထားတဲ့အခါ ကျောက်ကပ်ထဲကို ပိုးပျံ့သွားတတ်ပါတယ်။ တခြား ဆီးပူညောင်းကျ၊ ဆီးအိမ်ရောင်ခြင်း စတာတွေကြောင့်လည်း ဗိုက်အောင့်တတ်ပါသေးတယ်။
3. အူကျခြင်း
ကိုယ်တွင်းအင်္ဂါအချို့ရဲ့ အစိတ်အပိုင်းတွေက သူတို့နေတဲ့ အခေါင်းထဲကနေ အပြင်ကို ကျွံထွက်လာတာကို အူကျတယ်လို့ခေါ်ပြီး ဗိုက်အောင့်ခြင်းကို ခံစားရစေပါတယ်။ အစာအိမ်၊ ဆီးအိမ်၊ ချက်၊ အူ စတာတွေ ကျွံရင်လည်း ချက်နားမှာ အောင့်လေ့ရှိပါတယ်။ တစ်ခုခု ကျွံထွက်လာတာကို ခံစားရပြီး လှုပ်ရှားရင် ဗိုက်အောင့်တာ ပိုဆိုးပါက အူကျတာကြောင့် ဖြစ်နိုင်ပါတယ်။
4. ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
ဆေးကို ညွှန်ကြားချက်အတိုင်း မသောက်ပါက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး ချက်နားမှာ အောင့်တာလည်း ဒီထဲက တစ်ခုပါပဲ။ ဒါက ဘာကြောင့်လဲဆိုတော့ ဆေးက အစာချေတဲ့လုပ်ငန်းကို နှောင့်ယှက်လို့ ဖြစ်ပါတယ်။ တစ်ခါတလေ ဆေးတစ်ခုနဲ့တစ်ခု ဓာတ်ပြုပြီးလည်း ဗိုက်အောင့်တတ်ပါတယ်။
5. ကိုယ်ဝန်ဆောင်
ဗိုက်ထဲက ကလေးလေး ကြီးထွားလာတာနဲ့အမျှ ဗိုက်အောင့်တာကို ခံစားလာရပါတယ်။ ဒါပေမဲ့ ဒါက နည်းနည်းပဲ အောင့်တာဖြစ်ပြီး မလှုပ်မရှားနိုင်တဲ့အထိတော့ မပြင်းထန်ပါဘူး။ သတိထားရမယ့်အချက်က ချက်ပတ်လည်မှာ စူးခနဲ ထိုးထိုးအောင့်ခြင်းက တခြားပြင်းထန်တဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုခံစားရပြီဆိုရင် ဆရာဝန်ဆီ သွားပြတာက အကောင်းဆုံးပါပဲ။
6. အစာအိမ်နဲ့ အူ အနာများ
အူနဲ့ အစာအိမ် အနာတွေကြောင့်လည်း ဗိုက်အောင့်နိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစာချေလမ်းကြောင်း နံရံတွေကို တိုက်စားနိုင်ပါတယ်။ အဖြစ်များဆုံး အကြောင်းတွေကတော့ စိတ်ဖိစီးမှု၊ ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့ အက်ဆစ်ဓာတ်များခြင်းတို့ဖြစ်ပြီး အပူအစပ်တွေနဲ့ အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေ စားရင်လည်း အနာ ပိုဆိုးနိုင်ပါတယ်။ ဒါကို မကုဘဲထားရင် အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစီးနိုင်ပါတယ်။
7. ပန်ကရိယ (မုန့်ချိုအိတ်) ပြသနာများ
မုန့်ချိုအိတ်ရောဂါတွေကြောင့် ဗိုက်အောင့်ခြင်းနဲ့အတူ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ပန်ကရိယကင်ဆာ၊ ဆီးချိုစတာတွေက ပန်ကရိယရောဂါတွေဖြစ်ပြီး ကုသမှု မခံယူပါက ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
8. Crohn's Disease
အစာချေလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အစိတ်အပိုင်းတွေမှာ ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ချက်နောက်နားမှာ ရောင်ခြင်း၊ အောင့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ Crohn's Disease က မျိုးရိုးဗီဇကြောင့် အဓိကဖြစ်ပေမယ့် ပတ်ဝန်းကျင် အချက်များစွာကြောင့်လည်း ပိုဆိုးစေနိုင်ပါတယ်။ ကုသမှုမခံယူပါက ရောဂါပြင်းထန်ပြီး အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။
9. အူအတက် ရောင်ခြင်း
လမ်းလျှောက်နေတုန်း (သို့) အစာ စားပြီးပြီးချင်းမှာ ဗိုက်အောင့်ပါက အူအတက်ရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အူအတက် ရောင်ရ၊ ပိုးဝင်ရတဲ့ အကြောင်းအရင်းများစွာရှိပြီး ချက်တစ်ဝိုက်မှာ အနည်းငယ် (သို့) ပြင်းထန်စွာ အောင့်တတ်ပါတယ်။ အစာ စားချင်စိတ် မရှိခြင်း၊ ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ငွေ့ငွေ့လေးဖျားခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဗိုက်ကယ်ခြင်းနဲ့ ဝမ်းလျှောခြင်းစတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။
10. သည်းခြေအိတ်ရောဂါများ
အသည်းအောက်နားလေးမှာ သစ်တော်သီးပုံ သည်းခြေအိတ်ရှိပြီး သည်းခြေကျောက်တွေကြောင့် သည်းခြေအိတ်ရောင်ခြင်း (သို့) ရောဂါပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အသည်းက ထုတ်လိုက်တဲ့ သည်းခြေရည်တွေကို သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပြီး ဒီသည်းခြေရည်တွေ ပုံမှန်အတိုင်း မစီးဆင်းတဲ့အခါမှာ ရောင်ရမ်းခြင်း ဖြစ်စေနိုင်ပါတယ်။ သည်းခြေအိတ်ရောဂါဖြစ်ပါက ဆီးသွားလျှင် ဗိုက်နာခြင်း၊ ဗိုက်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချမ်းတုန်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
11. ခွဲစိတ်ကုသခြင်း
မကြာခင်က ခွဲစိတ်ကုသမှု ခံယူထားရင်လည်း ဗိုက်အောင့်တတ်ပါတယ်။ ဗိုက်အောင့်တာက မပြင်းထန်ဘဲ ခဏပဲ အောင့်တတ်ပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတွေနဲ့အတူ တွဲပြီးဖြစ်လေ့ရှိပါတယ်။ ခွဲစိတ်ပြီးလို့ လုံးဝအနာကျက်သွားပြီဆိုရင် ခံစားနေရတဲ့လက္ခဏာတွေ ပြန်ပျောက်သွားမှာ ဖြစ်တဲ့အတွက် ကုသမှု ခံယူစရာမလိုပါဘူး။
12. ရောဂါပိုးဝင်ခြင်း
ဆီးလမ်းကြောင်း (သို့) အစာအိမ် ပိုးဝင်ခြင်းကြောင့်လည်း ချက်နားမှာ အောင့်တတ်ပါတယ်။ တစ်ခါတလေမှာ ရောဂါပိုး မြန်မြန်ပျံ့သွားပြီး အပြင်းအထန် အောင့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆီးအိမ်ရောင်ခြင်း အပါအဝင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အမျိုးမျိုးကြောင့် ချက်တစ်ဝိုက်မှာ စူးပြီး အောင့်တတ်ပါတယ်။
တစ်ခါတလေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရင်းတွေကြောင့် ဗိုက်အောင့်တတ်သလို အသက်အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုခုကြောင့်လည်း အောင့်နိုင်ပါတယ်။ ဗိုက်အောင့်တာက ရက်အတော်ကြာအထိ မပျောက်ဘဲ ပိုဆိုးလာပါက ဆေးရုံ၊ ဆေးခန်း သွားပြဖို့ အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














