မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားတော့မယ်ဆိုတာကို ပြသနေသော လက္ခဏာများ
သင့်မိသားစုထဲမှာဖြစ်စေ၊ အလုပ်မှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ စိတ်ဓာတ်ကျပြီး ဘာမှစိတ်မဝင်စားတော့တဲ့သူတွေ ရှိပါက သေချာစွာ ဂရုစိုက်စောင့်ကြည့်သင့်ပါတယ်။
နာတာရှည်စိတ်ကျရောဂါ ဖြစ်ပေါ်နေသူတွေအနေနဲ့ မိမိကိုယ်ကို သတ်သေနိုင်တဲ့ အလားအလာများတာမို့ မပေါ့ဆပဲ သတိပြုသင့်ပါတယ်။ ဒါဆိုရင် မိမိကိုယ်ကို သတ်သေမယ့်သူတွေအနေနဲ့ ရှေ့ပြေးလက္ခဏာ ဘာတွေပြသလေ့ရှိသလဲဆိုတာ လေ့လာကြည့်ရအောင် ...
>> နှုတ်ပိုင်းဆိုင်ရာ လက္ခဏာများ
● သေချင်တယ်၊ သတ်သေတော့မယ် စသည်ဖြင့်ပြောခြင်း
● ထိန်းချုပ်ထားသောခံစားချက်တွေကို ဖွင့်ပြောခြင်း၊ အသက်ရှင်စရာ ဘာအကြောင်းမှမရှိဟု ပြောဆိုခြင်း
● မိမိကိုယ်ကို ကြီးမားသောအပြစ်မြင်ခြင်း၊ နာကျင်မှုကို ဆက်လက်မခံစားလိုတော့ကြောင်း ပြောခြင်း
● သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောခြင်း
● သူတစ်ပါး သို့မဟုတ် ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်မယ့်အကြောင်း ပြောဆိုခြင်း
● ပတ်ဝန်းကျင်ရှိလူများနဲ့ ပြောဆိုဆက်ဆံခြင်းမရှိခြင်း၊ သိသိသာသာ တိတ်ဆိတ်ငြိမ်ကုပ်နေခြင်း
>> အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများ
● စိတ်ပူပန်နေခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း
● အရက်နဲ့ဆေးဝါးများ အလွန်အကျွံ သောက်သုံးခြင်း
● အိပ်လွန်းခြင်း သို့မဟုတ် အအိပ်နည်းလွန်းခြင်း
● ပိုင်ဆိုင်မှုများကို လွဲပေးခြင်း သို့မဟုတ် နှုတ်ဆက်ဖို့အတွက် အလည်အပတ်များ သွားရောက်ခြင်း
● စိတ်အတက်အကျ အလွန်မြန်ခြင်း
>> မိမိကိုယ်ကို သတ်သေနိုင်ခြေ များသူများ
● စိတ်ကျရောဂါနဲ့ အခြားစိတ်ရောဂါ ခံစားနေရသူများ
● ကြီးမားသောဆုံးရှုံးခြင်း (အလုပ်၊ ရည်းစား၊ ချစ်ခင်သူများ သေဆုံးမှု၊ ငွေကြေးပြဿနာ) ရှိထားသူများ
● ဒဏ်ရာရခြင်း သို့မဟုတ် နှိပ်စက်ခံရသောသူများ
● အနိုင်ကျင့်ခံရခြင်း၊ ရောဂါရနေခြင်း၊ အလုပ်မရှိခြင်းတို့ကြောင့် ကြာရှည်စိတ်ဖိစီးနေသူများ
● သူငယ်ချင်းနဲ့ မိသားစုများရဲ့ အားပေးချစ်ခင်မှုမရသူများ
● ယခင်က သတ်သေဖို့ ကြိုးစားဖူးသူများ၊ မိမိခင်မင်သောသူတို့ရဲ့ သတ်သေခြင်းကို သိရှိသူများ
မိမိကိုယ်ကိုသတ်သေခြင်းဟာ ပြဿနာတွေရဲ့ အဆုံးသတ်မဟုတ်သလို မိမိကိုချစ်ခင်တဲ့ မိသားစုတွေအတွက်လည်း ပူဆွေးသောကများ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိမှာ စိတ်ကျခြင်း ဖြစ်ပေါ်နေပြီဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် စိတ်ရောဂါဆရာဝန်နဲ့ ကုသမှုခံယူပါ။ ပျော်ရွှင်စေမယ့်လှုပ်ရှားမှုများကို ပြုလုပ်ပြီး မိသားစု၊ သူငယ်ချင်းများနဲ့ ချစ်ခင်စွာ နေထိုင်ပါ။
သတ်သေချင်စိတ်ကို ဖြစ်စေမယ့်အကြောင်းရင်းကို ရှာဖွေပြီး လိုအပ်တဲ့ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















