/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မေ့ဆေး၊ထုံဆေးများကို-သုံးခြင်းက-အန္တရာယ်ရှိပါသလား

မေ့ဆေး၊ထုံဆေးများကို သုံးခြင်းက အန္တရာယ်ရှိပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     ခွဲစိတ်မှုခံရတော့မယ်ဆိုရင် လူနာတွေကြောက်တတ်ကြတဲ့အရာတွေမှာ မေ့ဆေးပေးခြင်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ မေ့ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

1. မေ့ဆေးတိုင်းက လူနာကို အမြဲသတိမေ့ပြီး အိပ်ပျော်နေစေတာမဟုတ်ပါဘူး

     မေ့ဆေး (3)မျိုးရှိတဲ့အနက်က တစ်မျိုးကပဲ သတိမေ့ပြီးအိပ်ပျော်သွားစေတာပါ။ မေ့ဆေးအမျိုးအစား (3)မျိုးကတော့ -

မေ့ဆေး - ဒါကတော့ ခွဲစိတ်မှုပြုနေစဉ်မှာ လူနာကိုအိပ်ပျော်နေစေပါတယ်။ ဝမ်းဗိုက်၊ ရင်ခေါင်းနဲ့ ဦးနှောက်ခွဲစိတ်မှုတွေနဲ့ရှုပ်ထွေးတဲ့ (သို့) အချိန်အတော်ကြာမယ့်ခွဲစိတ်မှုတွေမှာလည်း ဒီအမျိုးအစားကိုသုံးလေ့ပါတယ်။

ခန္တာကိုယ်တစ်နေရာတည်းထုံစေသောထုံဆေး - ခွဲစိတ်မှုလုပ်ချိန်မှာမနာအောင်လို့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကို ထုံသွားအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သွားဖာခြင်း၊ သွားနှုတ်ခြင်းစတဲ့သွားနဲ့ဆိုင်တဲ့ကိစ္စတွေမှာ လုပ်ချင်တဲ့နေရာလေးကိုပဲ ထုံသွားအောင်လုပ်တာပါ။

ခန္တာကိုယ်အစိတ်အပိုင်းတော်တော်များများကိုထုံစေသောထုံဆေး - လက်တစ်ဖက်လုံး၊ ခြေထောက်တစ်ဖက်လုံး (သို့) ခါးအောက်ပိုင်းတစ်ခုလုံးကို ထုံစေချင်ရင်သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် ကလေးမွေးချိန်မှာ ခါးထုံဆေးထိုးခြင်းဖြစ်ပါတယ်။

     တစ်ခါတစ်လေမှာ လူနာကိုပိုပြီးသက်တောင့်သက်သာဖြစ်စေချင်ရင် ထုံဆေးနဲ့အတူ စိတ်ငြိမ်ဆေးပါ တွဲပြီးပေးလေ့ရှိပါတယ်။

 

2. ထုံဆေး၊ မေ့ဆေးတွေက အန္တရာယ်မရှိပါဘူး

       ယနေ့ခေတ်မှာ နည်းပညာရော၊ ဆေးတွေပါတိုးတက်လာတဲ့အတွက် မေ့ဆေး၊ ထုံဆေးတွေရဲ့ ဆိုးကျိုးတွေကတော့ မရှိသလောက်နည်းလာပါတယ်။

       ခွဲစိတ်နေစဉ်မှာ အောက်ဆီဂျင်လုံလောက်မှုှရှိ/မရှိကို မေ့ဆေးဆရာဝန်တွေက အောက်ဆီဂျင်တိုင်းတဲ့ ကိရိယာလေးကို လက်ထိပ်မှာ တပ်ထားပြီးစောင့်ကြည့်နေ ပါတယ်။ မေ့ဆေးပါရဂူတွေစောင့်ကြည့်တဲ့နောက် တစ်ချက်ကတော့ အပူချိန်များခြင်းပါပဲ။ အချို့လူတွေမှာ မေ့ဆေးပေးလိုက်ရင် အပူချိန်တွေ အရမ်းတက်ပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အပြင် သေတောင်သေစေနိုင်ပါ တယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ ယခုခေတ်မှာတော့ ဆေးပညာတိုးတက်လာတဲ့အတွက် ကုသနိုင်မယ့်နည်းလမ်းတွေရှိပြီးတော့ စိတ်ပူစရာမလိုတော့ပါဘူး။

 

3. ဆိုးကျိုးတွေရှိပေမယ့် ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ အသေးစားဆိုးကျိုးလေးတွေပဲရှိပါတယ်။

       မေ့ဆေး၊ထုံဆေးပြယ်သွားချိန်မှာ အောက်ပါတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

- ပျို့အန်ခြင်း

- မေ့ဆေးပေးချိန်မှာ အသက်ရှူလမ်းကြောင်းထဲကို ပြွန်ထည့်ထားရတဲ့အတွက် လည်ချောင်းနာခြင်း

- ထုံဆေးထိုးတဲ့နေရာမှာ အနည်းငယ်နာခြင်း

       မေ့ဆေး၊ ထုံဆေးအများစုက ဆေးပြယ်မြန်ပေမယ့် ခွဲခန်းကထွက်လာလာချင်းမှာတော့ အားနည်းပြီးစိတ်ရှုပ်ထွေးမှုတွေရှိတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုပြုလုပ်ပြီး 24 နာရီကြာအောင် အရေးကြီးတဲ့ဆုံးဖြတ်ချက်ချခြင်း၊ ကားမောင်းခြင်း၊ စက်ကြီးများမောင်းခြင်း မပြုဖို့မှာကြားထားပါတယ်။

 

4. ခါးထုံဆေးကြောင့် ခြေလက်များတုန့်ဆိုင်းသွားခြင်းဖြစ်နိုင်ချေမရှိသလောက်နည်းပါတယ်။

       အရင်အချိန်တွေတုန်းကသုံးတဲ့ မေ့ဆေး၊ ထုံဆေးတွေကြောင့် ခြေ၊ လက်တွေ မလှုပ်နိုင်ဖြစ်တတ်ကြ ပါတယ်။ ဒါက ဒီဆေးတွေထည့်တဲ့ ဖန်ပုလင်းတွေကို အရက်ပြန်ပါတဲ့အရည်နဲ့ဆေးကြောသန့်စင်လို့ဖြစ်ပါတယ်။ အရက်ပြန်က ပုလင်းထဲမှာကျန်ခဲ့ရင် အာရုံကြောတွေကိုထိခိုက်စေပြီး ခြေလက်တွေမလှုပ်ရှားနိုင်ဘဲ တုန့်ဆိုင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ယခုအခါမှာတော့ ပုလင်းတွေကိုဒီလိုပိုးသတ်ခြင်းမျိုးမရှိတော့တဲ့ အတွက် မေ့ဆေးကြောင့်ခြေလက်မလှုပ်နိုင်ဖြစ်ခြင်းတွေလည်း မရှိတော့ပါဘူး။

 

5. ခွဲစိတ်မှုပြုလုပ်ချိန်မှာ သတိကောင်းပြီး အရာရာကိုသိနေတာက ကြောက်စရာမဟုတ်ပါဘူး။

     လူအချို့က ခါးထုံဆေးပေးထားချိန်မှာ အောက်ပိုင်းတွေမလှုပ်နိုင်ဖြစ်နေသော်လည်းသတိကောင်းပြီး အရာရာကိုသိနေတာကို စိုးရိမ်ပူပန်စိတ်ရှိကြပါတယ်။

     မေ့ဆေးသုံးရင် ပုံမှန်အားဖြင့် သတိပြန်မလည်ခင်မှာ လူနာရဲ့သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေမြင့်တက် လာလေ့ရှိပါတယ်။ ဒါကြောင့် အသုံးပြုတဲ့မေ့ဆေးပမာဏကို ထိန်းညှိဖို့အတွက် ဒီအချက်နှစ်ချက်ကိုစောင့်ကြည့် ရပါတယ်။ မူးယစ်ဆေးသုံးသူတွေနဲ့ အရက်စွဲနေသူတွေမှာဆိုရင်လည်း တခြားသူတွေနဲ့ယှဉ်ရင်မေ့ဆေးဓာတ် သိပ်ပြလေ့မရှိပါဘူး။ ဒီလိုမျိုးမှာဆိုရင်တော့ မေ့ဆေးဆရာဝန်တွေက ခွဲစိတ်မှုပြီးတဲ့အထိ မေ့ဆေး အရှိန်ရှိနေအောင် ဆေးကိုထိန်းညှိနိုင်ဖို့အတွက် ဦးနှောက်လှိုင်းတွေကိုစောင့်ကြည့်ရပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com