မျက်နှာပွင့်ဆေး
'သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ ' တဲ့ အော်ဟစ် မြူးတူးနေကြတဲ့ လူတွေကို ကြည့်ပြီး ဆရာဝန်တစ်ယောက် ဒေါသတွေ ထွက်နေမိသည်။ သင်္ကြန်ဆိုတာ ကိုယ်နဲ့မှ မဆိုင်တာ ဆေးရုံဂျူတီနဲ့ သုံးရက်လုံး ရှုတ်နေခဲ့တာ။ ဒီနောက်ဆုံးနေ့တစ်ရက်တော့ လည်ဖြစ်အောင် လည်မည်ဟု အားတင်းထားသည်။
အလှတွေပြင် မဝတ်စဖူး ဂျင်းဘောင်းဘီ ဝတ်ပြီး ကိုယ့်ကိုယ်ကို သဘောတွေကျလို့။
လာခေါ်မယ့် အဒေါ့်ကားစောင့်နေချိန်မှာ အကုသိုလ်တုံး ဖုန်းက ဝင်လာသည်။
"ဟဲ့ နင်ဘယ်မှာလဲ ငါအခုရှုပ်နေတယ် လာကူဦး" တဲ့ အတူနေသူငယ်ချင်းက ပြောချင်ရာပြောပြီး ဖုန်းချ သွားချိန်မှာတော့ မျက်နှာရှစ်ခေါက်ချိုးပြီး ကားလမ်းတစ်ဖက်မှာရှိသည့် ဆေးရုံဘက် ထွက်လာခဲ့သည်။
သားဖွားခန်းထဲ ဝင်လိုက်တဲ့အခါ ကလေးငိုသံ မွေးလူနာ အော်ဟစ်သံများက ပွက်လောရိုက် မွေးစင်ပေါ်မှာမွေး လက်စ လူနာတစ်ယောက်နှင့် ချေွးသံတရွှဲရွှဲ ဆရာဝန်
"ဘာကြီးလဲ "
"အမွှာမွေးဟေ့ အမွှာမှန်းမသိပဲ ပထမကလေးမွေးပြီး အချင်းမကျလို့ရောက်လာတာ " ပြောနေရင်းမှာပဲ ညှစ်ချင်တယ် ညှစ်ချင်တယ် ဆိုပြီး ကလေးအမေက ညှစ်ချလိုက်ရာ နီနီရဲရဲ ကလေးလေးက ထွက်လာသည်။
ငိုသံမကြားရ ပျော့ပျော့ခွေခွေ ကလေးကို ကြည့်ကာ နှစ်ယောက်သားအခြေအနေကို ရိပ်စားမိပြီး လိုအပ်တာများလုပ်ပေးရသည်။
"ငါကလေးကို အရေးပေါ်ခန်းသွားပို့မယ် နင် အချင်းချလိုက်တော့ " ဆိုတော့ အေးဆေးပေါ့
ဒါလောက်နဲ့တော့ စာဖွဲ့မနေ။
လက်အိပ်စွပ်ပြီး လူနာ ခြေရင်းမှာ အသင့်အနေအထား နဲ့ အချင်းကို ချော့ဆွဲသော်လည်း ပါမလာ။ "ဟင် ဘာဖြစ်ပြန်ပတုန်း " အချင်းမထွက်လာပဲ အလုံးလေးတစ်လုံး အဝမှာ ပြူလာလို့ သေချာသိရအောင် မျက်နှာကို အပေါက်ဝကပ်ပြီး ချောင်းကြည့်နေတုန်းမှာပဲ မမက ညှစ်ချင်တယ် ညှစ်ချင်တယ် ဆိုပြီး ညှစ်ချလိုက်ပြန်ရာ ဗွမ်းကနဲ မြည်သံနှင့်အတူ ရေမွှာရည်များပေါက်ထွက်လာကာ လက်တဝါးခန့်သာရှိသော တတိယမြောက် အူဝဲလေး ထွက်လာလေတော့သတည်း။
ဒီ ဗိုက်သေးသေးလေးထဲမှာ သုံးယောက်ရှိမှန်း ကြို မှ မသိတာလို့။
အဲ့နေ့က မိတ်ကပ်မျက်နှာပေါ် ရေမွှာရည်ပက်ဖြန်း ခံလိုက်ရသော ဆရာဝန်မှာတော့ ...
Khin Cho
















