/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မွေးချင်းထဲမှာ-ဘယ်နှစ်ယောက်မြောက်လဲဆိုတာသိရုံဖြင့်

မွေးချင်းထဲမှာ ဘယ်နှစ်ယောက်မြောက်လဲဆိုတာသိရုံဖြင့် ပြောပြနိုင်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိဘတွေဟာ ရင်သွေးငယ်တစ်ဦးချင်းစီကို ပြုစုပျိုးထောင်ရာမှာ ကောင်ခြင်းဖြစ်စေ၊ ဆိုးခြင်းဖြစ်စေ မတူညီကွဲပြားတာကြောင့် မွေးချင်းအစီအစဉ်ဟာ ကလေးငယ်တစ်ဦးရဲ့ ဖွ့ံဖြိုးမှုအတွက်များစွာအရေးပါလှပါတယ်။

အကြီးဆုံးကလေးတွေဟာ ခေါင်းဆောင်တွေဖြစ်လာနိုင်ပါတယ်။

        မွေးချင်းများအနက် အကြီးဆုံးကလေးတွေဟာ သူတို့မွေးတဲ့အချိန်မှာ တခြားကလေးတွေမရှိသေးတာကြောင့် မိဘတွေရဲ့ ဂရုစိုက်မှုကိုအများဆုံးခံရတတ်ပါတယ်။ ထို့ပြင် ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်သင်ကြားမှုကို ခံယူခဲ့ရတာကြောင့် ကြီးပြင်းလာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝကာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေလည်းရှိနေတတ်ပါတယ်။ မိဘတွေအနေနဲ့ကလည်း အကြီးဆုံးကလေးတွေကို အိမ်အလုပ်တွေကူညီဖို့နဲ့ အငယ်တွေကို ထိန်းကျောင်းပေးဖို့ကူညီခိုင်းလေ့ရှိတာကြောင့် သားဦးသမီးဦးတွေဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်ယူရတယ်ဆိုတာ ကလေးဘဝကပင် ကောင်းစွာသိရှိပြီဖြစ်ပါတယ်။

အကြီးဆုံးကလေးတွေဟာ ပိုပြီးစမတ်ကျလေ့ရှိပါတယ်။

        မွေးချင်းတွေထဲမှာ ကြီးတဲ့ကလေးတွေဟာ အောက်ကအငယ်တွေထက် ဉာဏ်ရည်ပိုမိုထက်မြတ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေဟာ ပထမဆုံးကလေးဖြစ်တဲ့အတွက် စာဖတ်ပြဖို့၊ ကလေးငယ်ရဲ့မေးခွန်းတွေကိုဖြေဖို့ အချိန်ပိုပေးနိုင်ရုံသာမက လမ်းလျှောက်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အကြီးဆုံးကလေးတွေကို စကားပိုပြောကြပါတယ်။ ဒီအချက်ဟာ ပထမဆုံးနာဆာအာကာသယာဉ်မှူး 23 ယောက်အနက် 21 ယောက်ဟာ ပထမဆုံးကလေးတွေ ဘာကြောင့်ဖြစ်တယ်ဆ်ိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ထို့ပြင် သူတို့ဟာ ဝေါဟာရပိုမိုကြွယ်ဝ၍ လူကြီးများကဲ့သို့ပင်တွေးခေါ်တတ်တာကြောင့် တာဝန်ယူမှုဆိုတာရှိကြတာဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ အကြီးဆုံးကလေးတွေဟာ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ချင်ကြတာကြောင့် သူတို့ဟာလွန်စွာမှပင် ဖိအားများကြပါတယ်။ တစ်စုံတစ်ခုကို အကောင်းဆုံးမလုပ်နိုင်ပါက သူတို့ကိုယ်သူတို့ တန်ဖိုးမရှိတော့ဘူးလို့အထင်ရှိကြတာကြောင့် စိတ်ဖိစီးမှုတွေကို ပိုမိုခံစားရတာလည်းဖြစ်ပါတယ်။

အလတ်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားကြပါတယ်။

များသောအားဖြင့် မိဘတွေဟာ ကလေးအကြီးတွေရဲ့အလုပ်တွေနဲ့ ရှုပ်နေတတ်ပြီး အငယ်ကိုလည်းပြုစုဖို့ အချိန်ပိုပေးရတတ်ပါတယ်။ ဒါကြောင့် အလတ်တွေဟာ ထိုရှုပ်ထွေးမှုတွေကြားမှာ သူတို့အတွက်နေရာပျောက်နေလေ့ရှိပါတယ်။ အလတ်တွေလုပ်သမျှအရာတွေအားလုံးဟာလည်း အကြီးတွေလုပ်ပြီးသားဖြစ်တဲ့အတွက် သူတို့မှာ ထင်ရှားတဲ့ကိုယ်ပိုင်လက္ခဏာမရှိတတ်ပါဘူး။ သို့တိုင်အောင် အလတ်တွေအနေနဲ့ အခြားမောင်နှမသားချင်းများနှင့် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တာကြောင့် စိတ်ခံစားမှုဆိုင်ရာရောဂါဖြစ်နှုန်း အလွန်ပင်နည်းပါးတာကိုတွေ့ရှိရပါတယ်။ ထို့ပြင် အလတ်တွေဟာ အကြီးဆုံးတွေလို မိဘတွေရဲ့ဖိအားတွေကို ရင်ဆိုင်စရာမလိုဘဲ သူတို့အတွက် အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေရင်းနဲ့ ပိုပြီးတီထွင်နိုင်စွမ်းတွေမြင့်မားလာရပါတယ်။ အလတ်တွေအနေနဲ့ လူတွေရဲ့အာရုံစူးစိုက်မှုကိုခံရဖို့အတွက် စိတ်ဝင်စားစရာနည်းလမ်းတွေကို အသုံးပြုလေ့ရှိတာကြောင့် သူတို့ဟာ အနုပညာရှင်တွေ ဖြစ်လာတတ်ပါတယ်။

အလတ်တွေဟာ ဆွေးနွေးညှိနှိုင်းရာမှာ တော်ကြပါတယ်။

        မောင်နှမသားချင်းတွေကြားမှာ အလတ်တွေဟာ အများအားဖြင့်ဖျန်ဖြေရေးသမားတွေဖြစ်ကြတဲ့အပြင် လိုအပ်ပါက ခေါင်းဆောင်အနေနဲ့လည်း တာဝန်ယူနိုင်ကြပါတယ်။ အေဗရာဟန်လင်ကွန်းအပါအဝင် အမေရိကန်သမ္မတ 52% ခန့်ဟာ အလတ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် အလတ်တွေဟာ ကြားညပ်နေကြပေမယ့်လည်း ညှိနှိုင်းဆောင်ရွက်မှုတွေမှာ လွန်စွာအားကောင်းကြပါတယ်။ အဲလိုအရည်အချင်းတွေကြောင့်ပဲ အလတ်ဖြစ်သူတွေဟာ အကြီးတွေ၊ အငယ်တွေထက် အသင်းအဖွဲ့အလုပ်တွေမှာ ပိုမိုအောင်မြင်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကိစ္စရပ်တွေကိုရှုထောင့်အမျိုးမျိုးမှသုံးသပ်နိုင်တဲ့အပြင် လူတွေနဲ့ဘယ်လိုဆက်ဆံရမယ်၊ အခြေအနေတစ်ခုကို ဘယ်လိုတည်ငြိမ်အောင် ထိန်းသိမ်းရမယ်ဆိုတာ ကောင်းစွာနားလည်ကြပါတယ်။ ထို့ပြင် သူတို့ဟာ သာတူညီမျှဖြစ်မှု၊ တရားမျှတမှုတို့ကို လွန်စွာကိုးစားယုံကြည်တတ်ကြပါတယ်။ ဒီလိုညှိနှိုင်းတိုင်ပင်တတ်တဲ့ အရည်အချင်တွေကြောင့်ပဲ အလတ်တွေဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်ကြတာဖြစ်ပါတယ်။

အငယ်ဆုံးကလေးတွေဟာ စွန့်ဦးတီထွင်သူတွေဖြစ်လာနိုင်ပါတယ်။

        တစ်ခါတစ်ရံ မိဘတွေက အကြီးတွေကိုပိုမိုအရေးပေးတာကြောင့်မဟုတ်ဘဲ အငယ်ဆုံးတွေဟာ အားငယ်စိတ်တွေဝင်လာတတ်ပါတယ်။ ဥပမာအားဖြင့် သူ့ရဲ့အစ်ကိုက နှစ်ဘီးစက်ဘီးစီးနေရတဲ့အချိန်မှာ သူကတော့ သုံးဘီးပဲ စီးရတာကြောင့် သူ့ကိုယ်သူဘာဖြစ်နေလဲဆိုတာ စဉ်းစားမရဖြစ်နေနိုင်ပါတယ်။ အဓိက,ကတော့ အငယ်ဆုံးတွေဟာ သူတို့နဲ့အကြီးတွေနဲ့ကွာခြားချက်ကို နားမလည်နိုင်တာကြောင့် အားမလိုအားမရစိတ်တွေနဲ့ သိမ်ငယ်မှုတွေခံစားရတာဖြစ်ပါတယ်။ ထို့ပြင် ကလေးအကြီးတွေကလည်း အငယ်တွေကိုအနားမှာ မရှိစေချင်တာကြောင့် သူတို့ဟာ လျစ်လျူရှုခံရတဲ့ ခံစားချက်တွေဝင်လာနိုင်ပါတယ်။ အငယ်ဆုံးတွေဟာ မိသားစုထဲမှာအမြဲတစေ ကလေးဖြစ်နေနိုင်ပေမယ့်လည်း မိဘတွေကတော့ သူတို့ကိုအရေးတယူမဆက်ဆံတဲ့အပြင် မိသားစု၏အာရံုံစိုက်မှုကို ရရှိနိုင်တဲ့အခွင့်အလမ်းလည်း အလွန်နည်းပါးပါတယ်။ အလတ်တွေထက်တောင် အငယ်ဆုံးတွေက သူတို့ရဲ့လမ်းကြောင်းကိုသူတို့ ဘယ်လိုဘယ်လိုဖောက်ရမလဲဆိုတာ ကောင်းစွာနည်းလမ်းရှာတတ်တာကြောင့် စွန့်ဦးတီထွင်သူတွေ ဖြစ်လာကြတာဖြစ်ပါတယ်။

အငယ်ဆုံးကလေးတွေဟာ ပိုပြီးတော့ နူးညံ့ပျော့ပျောင်းလေ့ရှိပါတယ်။

        ပထမဆုံးကလေးမွေးလာတဲ့အချိန်မှာ မိဘတွေအနေနဲ့ အတွေ့အကြုံမရှိသေးတာကြောင့် ကလေးအပေါ်ကို တင်းကြပ်မှုတွေပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အငယ်ဆုံးကလေးကို ရရှိလာတဲ့အချိန်မှာတော့ မိဘတွေဟာ သားသမီးကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းစွာနားလည်လာပြီဖြစ်တာကြောင့် ပိုမိုနူးညံ့ညင်သာစွာ ထိန်းကျောင်းတတ်လာပါတယ်။ ထို့ပြင် မိဘတွေရဲ့ဂရုစိုက်မှုနဲ့ လိုက်လျောမှုကိုလည်း ပိုမိုပိုင်ဆိုင်ရတာကြောင့် အငယ်ဆုံးကလေးတွေဟာ ဟာသဉာဏ်ရွှင်၍ နှစ်လိုဖွယ်ကောင်းကြပါတယ်။ အငယ်ဆုံးကလေးတွေအနေနဲ့ အစ်ကိုအစ်မတွေကျောင်းတက်ရပြီဆိုတဲ့အချိန်မှာ သူတို့ကလည်း အခြားသူတွေရဲ့အာရုံစူးစိုက်မှုကို ခံရဖို့အတွက် တစ်ခုခုထူးခြားတာကို ကြိုးစားလုပ်ဆောင်ရင်းနဲ့ပဲ ချစ်စဖွယ်အမူအရာတွေကို ပြုလုပ်တတ်လာတာဖြစ်ပါတယ်။

တစ်ဦးတည်းသောသားသမီးတွေဟာ အကြီးဆုံးကလေးအနေနဲ့ရော အငယ်ဆုံးကလေးအနေနဲ့ပါ ပြုမူတတ်ကြပါတယ်။

        မိသားစုတစ်ခုမှာ တစ်ဦးတည်းသောကလေးဖြစ်ရတာဟာ မိဘတွေရဲ့အာရုံစူးစိုက်မှုအားလုံးကို တစ်သက်တာလုံး တစ်ယောက်တည်းပိုင်ဆိုင်ရပေမယ့် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။ တစ်ဦးတည်းသောကလေးတွေဟာ အကြီးဆုံးလည်းဖြစ်သလို အငယ်ဆုံးလည်းဖြစ်တာကြောင့် သူတို့ရဲ့အတွေ့အကြုံတွေဟာ ရောနှောနေလေ့ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေစဉ်မှာ အငယ်ဆုံးအနေနဲ့ ကလေးလိုလည်းပြုမူနေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပင် သူတို့ဟာအရွယ်ရောက်ပြီးသူတွေရဲ့ ပတ်ဝန်းကျင်မှာကျင်လည်နေရတာကြောင့် လူကြီးအသေးစားလေးကဲ့သို့ ဖြစ်နေနိုင်ပါသေးတယ်။ ကောင်းတဲ့အချက်ကတော့ တစ်ဦးတည်းသောကလေးတွေမှာ မောင်နှမသားချင်းမရှိတာကြောင့် ခိုက်ရန်ဖြစ်ပွားတာတွေမရှိဘဲ ပိုမိုပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရနိုင်ပါတယ်။ မွေးချင်းမရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေး အရည်အသွေးကျဆင်းနိုင်တယ်ဆိုပေမယ့်လည်း တဖြည်းဖြည်းကြီးပြင်လာတာနဲ့အမျှ သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားလာနိုင်ပါတယ်။ တော်တော်များများထင်မြင်ယူဆသကဲ့သို့ တစ်ဦးတည်းသောသားသမီးတွေဟာ အထီးကျန်နေကြတာမဟုတ်ဘဲ မိဘတွေရဲ့သွန်သင်ဆုံးမမှုဖြင့် အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါတယ်။

မိသားစုအရွယ်အစားသည် အလတ်ကလေးတွေအပေါ်မှာ သက်ရောက်မှုအရှိဆုံးဖြစ်ပါတယ်။

        အကြီးဆုံး၊ အလတ်နဲ့ အငယ်ဆုံးဆိုပြီး ကလေးသုံးယောက်သာရှိတဲ့မိသားစုဟာ ပြဿနာမရှိပေမယ့်လည်း ကလေးတွေများလာတာနဲ့အမျှ အလတ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေပြသဖို့၊ အာရုံစူးစိုက်ခံရဖို့ ကြိုးစားရာမှာ အကြီးဆုံးနဲ့အငယ်ဆုံးတွေနဲ့ယှဉ်ရင် အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်လည်း မွေးချင်းမောင်နှမများတဲ့ မိသားစုမှာ ကြီးပြင်းရတဲ့အလတ်တွေဟာ ပိုပြီးထိခိုက်ခံစားရလေ့ရှိပါတယ်။ လေ့လာတွေ့ရှိချက်အရ အကျိုးကျေးဇူးတစ်ခုကတော့ အလတ်တွေဟာ နောင်တစ်ချိန်မှာ အိမ်ထောင်ရေးပြိုကွဲမှုဖြစ်နိုင်ချေ 2% ခန့် ပိုမိုလျော့နည်းကြောင်းသိရှိရပါတယ်။

သတိပြုရန်မှာ - မောင်နှမသားချင်းတွေရဲ့ အသက်ရွယ်ကွာခြားမှု

        အသက်အရွယ်ကွားခြားမှုသိပ်မရှိတဲ့ မောင်နှမတွေရဲ့ပြိုင်ဆိုင်မှုဟာ ပိိုမိုပြင်းထန်လေ့ရှိကြပါတယ်။ အကြောင်းအရင်းကတော့ သူတို့ဟာမိဘတွေဆီကနေ တူညီတဲ့တုံ့ပြန်မှုတွေကို မျှော်လင့်နေကြလို့ပဲဖြစ်ပါတယ်။ ဒါကို အသက်ရှင်နေထိုင်ရပ်တည်ဖို့်အတွက် မောင်နှမများအကြားပြိုင်ဆိုင်မှု ဆင့်ကဲဖြစ်စဉ်လို့ခေါ်ပါတယ်။ ဒါကြောင့် အမြွှာတွေဟာ အများထင်သလို မဟုတ်ကြဘဲ လွန်လွန်ကြူးကြူးပြိုင်ဆိုင်တာမျိုးတွေတောင် ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ လေးနှစ်ခန့်ခြားပြီးမှ ဒုတိယကလေးကို ယူတာဖြစ်ပါတယ်။ လေးနှစ်ကလေးတစ်ယောက်အတွက် အဖေအမေထက်စာရင် ကျောင်းပတ်ဝန်းကျင်ဟာ ပိုမိုအရေးကြီးလာပြီး လူမှုဘဝကိုလည်း စတင်ခုံမင်လာပြီဖြစ်ပါတယ်။ ပထမဆုံးကလေးတစ်ယောက်ဟာ အရွယ်ရောက်လာလေလေ သူတို့ရဲ့ခံစားချက်ကို ပိုမိုထုတ်ဖော်ပြောကြားနိုင်တဲ့အပြင် မိဘတွေရဲ့သွန်သင်ဆုံးမမှုကိုလည်း ပိုမိုနားဝင်လာနိုင်ပါတယ်။ အသက်​ 5 နှစ်နှင့်အထက် ကွာခြားရင်တော့ မွေးချင်းအစီအစဉ်ဟာ အသစ်တစ်ဖန်ပြန်လည်စတင်ကာ ဒုတိယကလေးဟာလည်း ပထမဦးဆုံးကလေးရဲ့နေရာကို ရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ဦးနဲ့တစ်ဦး အသက်အရမ်းကွာရင်တော့ ကလေးအကြီးတွေအတွက် မကောင်းပါဘူး။

Dr. Thinzar Wynn

www.drmyanmar.com