မှဲ့အမျိုးအစားတွေ
မှဲ့ဆိုတာ အမည်းရောင်ခြယ်ပစ္စည်းတွေဟာ အရေပြားပေါ်မှာ တစ်ပြေးညီ ပျံ့နှံ့မသွားဘဲ အထပ်လိုက်ပွားလာလို့ ပေါ်လာတာ ဖြစ်ပါတယ်။
မွေးကတည်းက ပါလာတဲ့မှဲ့နဲ့ မွေးပြီးနောက်ပိုင်းမှ ပေါ်လာတဲ့မှဲ့တွေ ရှိပါတယ်။ အန္တရာယ်မရှိပါဘူး။ လူတစ်ယောက်မှာ ၁၀ ခုကနေ အခု ၄၀ လောက် ရှိတတ်ပါတယ်။ အခု ၅၀ ကျော်ရင်တော့ မှဲ့ကင်ဆာ ဖြစ်နိုင်ချေ များပါတယ်။
● ပုံမှန်မဟုတ်တဲ့ မှဲ့တွေ - ပုံစံက ထူးဆန်းမယ်။ ခဲတံက ခဲဖျက်ထက် ကြီးမယ်။ အရောင်က အမည်းမဟုတ်ဘဲ တခြားအရောင် ဖြစ်တတ်တယ်။ မှဲ့ကင်ဆာနဲ့ ဆင်တတ်ပေမယ့် မဟုတ်ပါဘူး။
● မှဲ့တွေဟာ ဝိုင်းရမယ်၊ ညီရမယ်၊ အနားသတ်တွေက ပြတ်ပြတ်သားသား ဖြစ်ရပါမယ်။ အရေပြားနဲ့ တစ်သားတည်း ဒါမှမဟုတ်အပေါ်ကို ကြွနေတတ်ပါတယ်။ အရောင်ပြောင်းတာမျိုး မဖြစ်ရပါဘူး။
● အမည်းရောင် - ပုံမှန်မှဲ့အရောင်ပါ။
● အသားရောင်နဲ့ တစ်ရောင်တည်း - ဒါလည်း ပုံမှန်ပါပဲ။
● အနီရောင် - အနီရောင်၊ အပြာရောင်၊ ပန်းရောင်၊ အဖြူရောင် ဒီအရောင်တွေကတော့ သတိထားရပါမယ်။ တစ်ခါတလေ ဒီအရောင်တွေနဲ့ အမည်း၊ အညိုရောင်တွေကလည်း ရောနေတတ်ပြီ ဒါဆိုရင်တော့ မှဲ့ကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။
သွေးထွက်၊ အရည်ထွက်၊ နာကျင်၊ ယားယံနေရင်တော့ မှဲ့ကင်ဆာနဲ့တူလို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
>> မှဲ့ကင်ဆာ
ဒီလို အချက်လေးတွေကို သတိထားပြီး ကြည့်ရပါမယ်။
● ညီညာမှု - မှဲ့က တစ်ခြမ်းနဲ့တစ်ခြမ်း မညီမညာ ဖြစ်နေရင်
● အနားသတ် - ပြတ်ပြတ်သားသားမရှိဘဲ မညီမညာ ဖြစ်နေရင်
● အရောင် - အရောင်ပြောင်းတာ၊ မညီတာ
● အရွယ်အစား - 6mm ထက် ကြီးနေရင်
● ပြောင်းလဲမှု - အရောင်၊ အရွယ်အစား၊ ပုံစံ ပြောင်းလဲလာတာ၊ ယားယံ၊ သွေးထွက်တာ
>> မှဲ့ခြောက်၊ အသားပိုနဲ့ မှဲ့ကြားက ကွာခြားချက်
● အသားပိုဆိုတာ အရေပြားကနေ တွဲပီးကျနေတဲ့ တစ်သျှူးစအသေးလေးဖြစ်ပြီး ကင်ဆာ မဖြစ်စေတတ်ပါဘူး။
● မှဲ့ခြောက် ကတော့ အရေပြားပေါ် ပျံနေတဲ့ အညိုရောင် အစက်သေးသေးလေးတွေ ဖြစ်ပါတယ်။ အန္တရာယ် မရှိပါဘူး။ မျိုးရိုးလိုက်လို့၊ နေရောင်ခြည်ဒဏ်ကြောင့် ပေါ်နိုင်ပါတယ်။ အသားဖြူပြီး ဆံပင်အနီရောင်၊ အဝါရောင်ရှိတဲ့ လူတွေ၊ မျက်လုံးပြာတဲ့ လူတွေမှာ အဖြစ်များပါတယ်။ ဒီလို လူတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ချေလည်း များပါတယ်။
>> မှဲ့ကို ဘယ်လိုဖျက်ကြမလဲ?
လူတွေက အကြောင်းအမျိုးမျိုးနဲ့ မှဲ့ဖျက်ချင်ကြပါတယ်။ တချို့က အလှအပကြောင့်၊ တချို့က ဆရာဝန် ညွှန်ကြားချက်နဲ့ မသင်္ကာလို့ ဖြတ်ထုတ်တာမျိုးပေါ့။
ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ဆရာဝန်က ဖြတ်ပေးတာ အကောင်းဆုံးပါပဲ။ ဖြတ်ပြီးရင် အသားစကို ကင်ဆာဆဲလ် ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရပါသေးတယ်။
အပြင်မှာ တချို့သုံးကြတဲ့ မှဲ့ဖျက်ဆေးတွေက ဓာတ်မတည့်တာ ဖြစ်တတ်တဲ့အပြင် မအောင်မြင်တာ များပါတယ်။ ကိုယ့်ဘာသာကို ဖြတ်ပစ်တာမျိုးဆိုရင်လည်း ကျန်ခဲ့နိုင်သလို ပိုးလည်းဝင်တတ်ပါတယ်။
Dr. Htar (www.drmyanmar.com)
















