ရင်ဘတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ
ချောင်း အမြဲဆိုးနေခြင်းက ရင်ဘတ်ထဲမှာ ချွဲသလိပ်တွေ ရှိနေလို့ပါ။ ဒါက အသက်အန္တရာယ် ရှိစေနိုင်တဲ့ အခြေအနေ မဟုတ်ပေမယ့် နေထိုင်မှုဘ၀ အရည်အသွေးအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ကုသမှု မခံယူပါက နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ဆရာ၀န်ဆီ မသွားခင်မှာ ရောဂါလက္ခဏာတွေ သက်သာစေဖို့ နည်းလမ်းအချို့ ရှိပါတယ်။
1. အရည်များများ သောက်ပါ။
အရည်တွေက အချွဲတွေကို ကျဲသွားစေပါတယ်။ အထူးသဖြင့် ရေနွေးနွေးက ရင်ဘတ်နဲ့ နှာခေါင်းရှိ ချွဲသလိပ်တွေကို သန့်စင်ပေးပါတယ်။ ဒါက နှာပိတ်ခြင်းကို သက်သာစေပါတယ်။
ရေ၊ ကြက်ခေါက်ဆွဲစွပ်ပြုတ်၊ ပန်းသီးဖျော်ရည်နွေးနွေး၊ ကဖင်းဓာတ်မပါတဲ့ လက်ဖက်စိမ်းဖျော်ရည်တွေ သောက်ပေးပါ။
2. ဇလုံနှင့် တဘက်ကို အသုံးပြုပြီး ရေနွေးငွေ့ရှုပါ။
ရေနွေးငွေ့တွေကို လိုချင်တဲ့နေရာမှာ ပိုပြီးတိတိကျကျ ရဖို့အတွက် ဘေစင်ထဲမှာ ဇလုံကြီးကြီးတစ်ခု ထည့်ပြီး ရေပူအပြည့် ဖြည့်ပါ။ ပြည့်ပြီဆိုရင် ဇလုံအပေါ်မှာ ခန္ဓာကိုယ်ကို ကိုင်းထားပြီး ခေါင်းမှာ တဘက်တစ်ခု ခြုံလိုက်ပါ။ ရေနွေးငွေ့တွေ မျက်နှာဆီကို ရောက်ပါစေ။ အပူချိန် အရမ်းများလာရင် (သို့) သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင် ခေါင်းကို ပြန်မော့လိုက်လို့ ရပါတယ်။ ပြီးရင်တော့ ရေအေးအေးလေးတစ်ခွက် ပြန်သောက်လိုက်ခြင်းဖြင့် အေးသွားစေပြီး ရေဓာတ် ပြန်လည်ပြည့်၀စေနိုင်ပါတယ်။
3. ပျားရည်သောက်ပါ။
ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်းများအတွက် ပျားရည်က အစွမ်းထက်ပါတယ်။ တခြား ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်သလိုပဲ ပျားရည်ကိုလည်း တစ်နေ့ 2 ဇွန်းလောက် သောက်ပေးပါ။ ဒါပေမယ့် အသက် 1 နှစ်အောက် ကလေးတွေကိုတော့ ပျားရည် လုံး၀ မတိုက်ရပါဘူး။
4. အဆီရှူပါ။ (သို့) ပရုတ်ဆီလိမ်းပါ။
အချို့သော အဆီတွေက ရင်ဘတ်ထဲက ချွဲသလိပ်တွေကို ပျော်စေပါတယ်။ ပူရှိန်းဆီက သဘာ၀ ချွဲပျော်ဆေး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ချောင်းဆိုးပျောက်ဆေးရည်အချို့နဲ့ အအေးမိခြင်းအတွက် ဆေးဝါးတွေမှာ ပရုတ်အေး ပါ၀င်ခြင်း ဖြစ်ပါတယ်။
အဆီတွေကိုတော့ အောက်ပါနည်းလမ်း (2) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။
(1). အနံ့ပေးစက်သုံးခြင်း - လေထဲမှာ အဆီတွေ ပျံ့နှံ့စေဖို့အတွက်ဆိုရင် အနံ့ပေးစက် သုံးလို့ရပါတယ်။ အဆီအစက် အနည်းငယ်ကို ရေနွေးထဲထည့်ပြီး အနံ့ကို အခန်းထဲက လေထုထဲမှာ ပျံ့နှံ့နေပါစေ။
(2). အရေပြားပေါ် လိမ်းခြင်း - အရင်ဆုံး ကိုယ်နဲ့ တည့်၊ မတည့်တော့ စမ်းကြည့်ဖို့ လိုပါတယ်။ စမ်းသပ်တဲ့အနေနဲ့ လက်ဖျံအတွင်းပိုင်းမှာ လိမ်းပါ။ 24 နာရီအတွင်း ဓာတ်မတည့်တဲ့ လက္ခဏာမရှိဘူးဆိုရင်တော့ ရင်ဘတ်မှာ စိတ်ချစွာ လိမ်းနိုင်ပါပြီ။
ဒါပေမယ့် တကယ်လို့ ကိုယ့်ရင်ဘတ်အရေပြားမှာ ရောင်နေတာ၊ ထိခိုက်ဒဏ်ရာ ရထားတာတွေရှိရင်တော့ လုံး၀မလိမ်းသင့်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















