ရိုးရိုးအိမ်သာသုံးစွဲသူတွေမှာ အရိုးကျိုးနှုန်း ပိုနည်းပါသတဲ့
ထိုင်လိုက်ထလိုက် လုပ်ခြင်းက ကိုယ်ခန္ဓာစွမ်းအင်၊ ပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုတွေကိုဖြစ်စေပြီး အရိုးကျိုးနှုန်းကို ကျဆင်းစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ရံဖန်ရံခါမှလုပ်တာတွေက အရေးမကြီးပေမယ့် နိစ္စဓူဝလုပ်ကိုင်နေတာတွေက အရေးကြီးတယ်ဆိုတာ ကြားဖူးမှာပေါ့။ တကယ်တော့ ဒီစကားက လုံးဝမှန်ပါတယ်။ ထုံးတမ်းဓလေ့တွေက လူတွေရဲ့နေ့စဉ်ဘဝတွေကို လွှမ်းမိုးထားပါတယ်။ အခု တကယ်အရေးကြီးတဲ့အလုပ်တစ်ခုနဲ့ သူ့ရဲ့အရိုးပေါ် ကျန်မာရေးသက်ရောက်မှုကို ပြောပြမယ်နော်။
အပြည်ပြည်ဆိုင်ရာ အရိုးရောဂါဆွေးနွေးမှုမှာ ဖွံ့ဖြိုးစနိုင်ငံတွေ အထူးသဖြင့် အာရှမှာ အရိုးကျိုးနှုန်း ပိုများလာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် စက်ရုံဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အရိုးကျိုးတာက ဆူနာမီလှိုင်းလုံးကြီးလို တိုးတက်လာတာကို တွေ့ရတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေရဲ့ သက်ကြီးရွယ်အိုတွေ အရိုးကျိုးနှုန်းဟာ အနောက်နိုင်ငံတွေနဲ့ တူလာပါပြီ။
ဒီတော့ မေးခွန်းက ဘာလို့စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာချိန်မှာမှ အရိုးကျိုးနှုန်းပိုတိုးလာတာလဲပေါ့။ တချို့ကတော့ လယ်ကွင်းတွေကနေ စက်ရုံ၊ အလုပ်ရုံကို ပြောင်းလာတဲ့အခါ လှုပ်ရှားမှုနည်းသွားလို့လို့ ဆိုကြတယ်။ တချို့က ဗီတာမင်ဒီကို လက်ညှိုးညွှန်ကြသလို တချို့ကလည်း ဆေးလိပ်အသောက်များလာတာ၊ ရိုးရာမုန့်တွေ ဖျော်ရည်တွေထက် ကိုလာတွေ၊ အမြန်စား၊ အသင့်အစားအသောက်တွေကြောင့်လို့ ပြောကြတယ်။ ဒီထဲမှာ လေ့လာသူတစ်ယောက်က ရိုးရိုးဆောင့်ကြောင့်ထိုင် အိမ်သာကနေ ဘိုထိုင်အိမ်သာ ပြောင်းလဲသုံးစွဲလာကြတာကို ညွှန်ပြပါတယ်။ ဒီတော့မှ ဆောင့်ကြောင့်ထိုင်တဲ့ အမူအကျင့်ဆိုတာကို ပြန်စဉ်စားကြည့်မိတယ်။ အနောက်နိုင်ငံကလူတွေဟာ ဆောင့်ကြောင့်ထိုင်လိုက်ထလိုက် တစ်နေ့ အကြိမ်ကြိမ် လုပ်နိုင်ပါ့မလားလို့ပေါ့။
အရင်က အလုပ်တူတူတွဲလုပ်ဖူးတဲ့ မက်စီကန်အနွယ်လူမျိုးတစ်ယောက်အကြောင်းကို စဉ်းစားမိတယ်။ သူတို့အိမ်မှာ အိမ်ထောင်ပရိဘောဂရယ်လု့ိ သိပ်မရှိဘူး။ စကားပြောတာ၊ လက်ဖက်ရည်ကြမ်းသောက်တာ၊ အနားယူတာ အကုန်လုံးကို ကြမ်းပြင်မှာ ဆောင့်ကြောင့်ထိုင်ရက် လုပ်တတ်ကြတယ်။ ဂျပန်အမျိုးသမီးတစ်ယောက်ဟာလည်း မတ်တတ်အနေအထားကနေ ဒူးထောက်လျက်အနေအထားကို လက်ဖက်ရည်ဖိတ်မကျဘဲ အိန္ဒြေရရ ထိုင်နိုင်တယ်။ ပါကင်စတန်နိုင်ငံမှာတောင် အခုချိန်ထိ ကြမ်းပြင်ပေါ်မှာ ထိုင်တုန်း၊ စားတုန်း၊ ဆောင့်ကြောင့်အိမ်သာထိုင်တုန်းပါတဲ့။ ဒါကြောင့် စဉ်းစားကြည့်လိုက်မယ်ဆိုရင် အနောက်တိုင်းကလူတွေမှာ မရှိတော့တဲ့ ခွန်အား၊ ဟန်ချက်နဲ့ ပျော့ပျောင်းမှုတွေရှိနေတယ်လို့ ဆိုရပါမယ်။
ဟောင်ကောင်မှာ အရိုးကျိုးနှုန်း များလာတာနဲ့အမျှ ချော်လဲနှုန်းလည်း ပိုများလာတယ်။ အဓိကအားဖြင့်တော့ ကိုယ်ခန္ဓာစွမ်းအင်၊ ပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုတွေ အားနည်းလာတာကြောင့် ပိုပိုချော်လဲလာကြပြီး ပိုပိုအရိုးကျိုးလာကြတာပါလို့ ပညာရှင်တွေက ယူဆကြပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















