/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရုတ်တရက်-သွားကျဉ်ရသော-အကြောင်းရင်းများ

ရုတ်တရက် သွားကျဉ်ရသော အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာကြိတ်စက်တစ်ခုသဖွယ် စားသမျှအစာကိုချေဖျက်ပေးနေတဲ့သွားဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးလွယ်တတ်ပါတယ်။ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက သွားရောဂါအမျိုးမျိုးခံစားရကာ နောက်ဆုံးအံကပ်အတုထည့်ရတဲ့အခြေအနေအထိ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုသွားထိခိုက်စေနိုင်တဲ့အကြောင်းအရာတွေထဲကမှ ချိုလွန်း၊ ချဉ်လွန်းသော အစားအစာ၊ ပူလွန်း၊ အေးလွန်းသော သောက်စရာကြောင့် သွားရုတ်တရက်ကျဉ်ရခြင်းနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်။ ဖော်ပြပါအကြောင်းရင်းတွေကြောင့် ရုတ်တရက် သွားကျဉ်စေနိုင်ပါတယ်။

1. သွားဖုံးသားပါးခြင်း

          သွားတိုက်နည်းမှားယွင်းခြင်းကြောင့်ဖြစ်ရတာပါ။ သွားဖုံးသားပါးတဲ့ပုံစံဟာ သွားအမြစ်များပေါ်လာတဲ့အထိ သွားဖုံးသားတွန့်၀င်သွားခြင်းကို ဆိုလိုတာပါ။ ဒီလိုသွားဖုံးသားပါးနေခြင်းကြောင့် ပူတာ၊ အေးတာ၊ ချိုတာ၊ ချဉ်တာတွေကိုစားလိုက်တာနဲ့ မခံမရပ်နိုင်အောင် ကျဉ်ရခြင်းဖြစ်ပါတယ်။

 2. သွားဖုံးရောင်ခြင်း

          သွားကို မနက်တစ်ကြိမ်၊ ညအိပ်ရာမ၀င်မီတစ်ကြိမ် တိုက်တတ်တဲ့အလေ့အထ မရှိခြင်းကြောင့်ဖြစ်ရတာပါ။ အထူးသဖြင့် ညဘက်သွားတိုက်လေ့မရှိသူတွေမှာ အဖြစ်များပါတယ်။ တနေ့လုံးစားထားတဲ့ အစာတွေဟာ သွားခြေမှာကပ်ငြိနေပြီး ဒီစားကြွင်းစာကျန်တွေကြောင့် ဘက်တီးရီးယားရှင်သန်ရာရပ်၀န်းဖြစ်လာပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့သွားနဲ့အိပ်ရာ၀င်တဲ့အလေ့အထများလာတာနဲ့အမျှ သွားနဲ့သွားဖုံးပျက်စီးပြီး သွားဖုံးရောင်တာ၊ သွားကိုက်တာ၊ သွားကျဉ်တာတွေကို ခံစားရနိုင်ပါတယ်။

 3. သွားပိုးစားခြင်း

          သွားကြွေလွှာအက်တာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားစပဲ့ထွက်တာ စတဲ့သွားယိုယွင်းပျက်စီးလာခြင်းဟာ ဘက်တီးရီးယားပိုးတွေကို သွားမြစ်ထဲ၀င်နိုင်အောင် လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ ဒီဘက်တီးရီးယားပိုးတွေဟာ သွားကြွေလွှာတွေပါးလာအောင်၊ ဂလိုင်ပေါက်တွေဖြစ်လာအောင် တဖြည်းဖြည်းလှိုက်စားပစ်ပါတယ်။ ဒီလို သွားကြွေလွှာထိခိုက်လာခြင်းကြောင့် အစာစားတိုင်း သွားကျဉ်တာကိုခံစားရပြီး စားလို့မရနိုင်တော့တဲ့အခြေအနေထိတောင် ဖြစ်တတ်ပါတယ်။

 4. ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးတဲ့အလေ့အထမရှိခြင်း

          သွားကျန်းမာရေးက မိမိစားသုံးတဲ့အစားအစာပေါ်မှာ လွန်စွာမူတည်ပါတယ်။ ချိုလွန်းတဲ့အစားအစာ၊ စေးကပ်တဲ့အစာတွေ (ဥပမာ ချောကလက်၊ သကြားလုံး၊ ရေခဲမုန့်)၊ အက်ဆစ်ဓာတ်ပါ၀င်တဲ့အစာ (ဥပမာ - ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ စတော်ဘယ်ရီသီး၊ ကိုလာလိုမျိုး ကာဗိုဟိုက်ဒရိတ်ဖြည့်ထားတဲ့အချိုရည်၊ ပူလွန်း၊ အေးလွန်းတဲ့အစားအစာစားသုံးမှုများခြင်းကြောင့် သွားအပေါ်ယံကြွေလွှာပါးသထက်ပါးလာကာ နောက်ဆုံးမှာဒီလိုအစားအစာတွေကို လုံး၀စားလို့မရတော့တဲ့အခြေအနေထိတောင် ဆိုးရွားနိုင်ပါတယ်။

 5. သွားကြိတ်ခြင်း

          သွားကြိတ်ခြင်းကြောင့် သွားကြွေလွှာတွေ တဖြည်းဖြည်းပါးလိုက်လာနိုင်ပါတယ်။ ဒီလို သွားကြွေလွှာတိုက်စားသွားခြင်းကြောင့် အစာစားလိုက်တဲ့အခါမှာ ချက်ချင်းဆိုသလို သွားကျဉ်မှုကိုခံစားရတာပါ။

 6. သွားပြုပြင်ဖာထေးခြင်း

          သွားဂျိုးတွေကို ခြစ်ထုတ်ခြင်း၊ သွားစိုက်ခြင်း၊ သွားဖာထေးခြင်း စတဲ့သွားဘက်ဆိုင်ရာ ပြုပြင်မှုတွေကြောင့် ကုသမှုခံယူပြီး ရက်ပိုင်အတွင်း သွားကအထိမခံနိုင်အောင် ကျဉ်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုသွားပြုပြင်ထားလို့နာကျင်မှုဆိုရင် ဆရာ၀န်ပြစရာမလိုဘဲ အချိန်တန်တာနဲ့သက်သာသွားပါလိမ့်မယ်။

 7. အမွှေးကြမ်းတဲ့ သွားပွတ်တံ၊ အမျိုးအစားမကောင်းတဲ့သွားတိုက်ဆေးကိုသုံးခြင်း

          နေ့စဉ်အသုံးပြုရတဲ့ သွားပွတ်တံ၊ သွားတိုက်ဆေးကို အမျိုးအစားကောင်းကောင်းရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မျက်နှာပြင်ချောတဲ့သွားကြွေလွှာအပေါ် ကော်ဖတ်နဲ့တိုက်သလိုဖြစ်စေပြီး သွားအပေါ်ယံကြွေလွှာပါးလာကာ သွားပျက်စီးလာတဲ့အခြေအနေအထိ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းမသိဘဲ အစာစားလိုက်တဲ့အခါ ရုတ်တရက်သွားကျဉ်မှုကိုခံစားရတာပါ။ ဒါ့အပြင် သွားပွတ်တံကို သုံးလတစ်ကြိမ် အသစ်လဲပေးဖို့ကိုလည်း သတိပြုသင့်ပါတယ်။

 8. ခံတွင်းသန့်ဆေးရည်နေ့စဉ် အသုံးပြုခြင်း

          ခံတွင်းသန့်စင်ဆေးရည်အများစုဟာ ခံတွင်းအနံ့ဆိုးကိုပျောက်စေနိုင်ပေမယ့် ၎င်းမှာအက်ဆစ်ဓာတ်ပါ၀င်တာကြောင့် သွားကြွေလွှာကိုပါးစေပြီး သွားခိုင်မာမှုကိုအားပျော့လာစေနိုင်ပါတယ်။ ဒါကြောင့် အစာမာမာတွေကိုဝါးနိုင်ခြင်းမရှိတော့ဘဲ အခန့်မသင့်ရင် သွားကျဉ်ခြင်းကို ခံစားရတာဖြစ်ပါတယ်။

 9. သွားဖြူဆေးအသုံးပြုခြင်း

          သွားဖြူဆေးကို နေ့စဉ်ရက်ဆက်အသုံးပြုလာတာနဲ့အမျှ သွားကြွေလွှာတွေ ပါးလာနိုင်ပါတယ်။ ဒီလိုသွားကြွေလွှာတွေပါးလာလေ သွားတွေကြွပ်ဆတ်လာလေဖြစ်ပြီး သွားပွန်းပဲ့လွယ်၊ ထိခိုက်လွယ်လာကာ အစာစားလိုက်တိုင်းသွားကျဉ်တာကို ခံစားရနိုင်ပါတယ်။

 10. ခံတွင်းမှာ အက်ဆစ်ဓာတ်များနေခြင်း

          အချို့ဆေးဝါးတွေက ခံတွင်းမှာအက်ဆစ်ဓာတ်များလာစေပါတယ်။ ခံတွင်းမှာ အက်ဆစ်ဓာတ်များလာခြင်းကြောင့် သွားကြွေလွှာကိုတမြည့်မြည့်ယိုယွင်းပျက်စီးလာပြီး အစာစားတဲ့အခါ ယိုယွင်းနေတဲ့ သွားနံရံတွေကိုထိမိခြင်းကြောင့် ရုတ်တရက်သွားကျဉ်စေနိုင်ပါတယ်။

 

CMS

www.drmyanmar.com