လက်ကောက်ဝတ် နာကျင်ကိုက်ခဲခြင်း
ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ စာရိုက်တာ၊ စာရေးတာ စတဲ့ အခြေခံ အပြုအမူလေးတွေကအစ အရေးကြီးတဲ့ အပြုအမူတွေအဆုံး လက်ကောက်ဝတ် လှုပ်ရှားမှုတွေ လုပ်နေရပါတယ်။ တစ်ခုခုကြောင့် လက်ကောက်ဝတ် နာလာပြီဆိုရင်တော့ နေ့စဉ်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပြီးတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို လာပြီးထိခိုက်လာစေပါတယ်။ လက်ကောက်ဝတ်ဆိုတာက တကယ်တော့ အဆစ်တစ်ခုတည်း မဟုတ်ပါဘူး။ လက်ဖဝါးနဲ့ လက်ဖျံကအရိုးတွေ လာဆုံတဲ့ အဆစ်သေးသေးလေးတွေ အများကြီးနဲ့ တည်ဆောက်ထားတာပါ။
ရုတ်တရက် ထိခိုက်ဒဏ်ရာရရင်လည်း လက်ကောက်ဝတ် နာကျင်ကိုက်ခဲနိုင်ပါတယ်။ ဥပမာ - လက်ကောက်ဝတ်အရွတ်တွေကို ဆွဲဆန့်သလိုဖြစ်ပြီးတော့ လက်ကောက်ဝတ် လည်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာတွေကို အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကို ရှာဖွေကြည့်ကြရအောင်။
● အရိုး၊ အရွတ် စတဲ့ လက်ကောက်ဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုခု ဒဏ်ရာရသွားရင်လည်း လက်ကောက်ဝတ် နာနိုင်ပါတယ်။
● ခဏခဏ ပြန်ပြန်ပြီး နာနေတာမျိုးကတော့ ထပ်ခါထပ်ခါ ဒဏ်ဖြစ်စေတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ အဆစ်ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
● အချိန်အကြာကြီး နာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
>> ဆရာဝန် ဘယ်အချိန်မှာ သွားပြကြမလဲ?
● လက်ကောက်ဝတ် နာကျင်ကိုက်ခဲပြီးတော့ နေ့စဉ်လုပ်နေကျတွေကိုတောင်မှ မလုပ်နိုင်တော့ရင်
● လက်ကောက်ဝတ် ထုံ၊ ကျဉ်တာတွေ ပိုဆိုးလာပြီးတော့ လက်ချောင်းတွေ၊ လက်တွေမှာ ဘာမှမသိတော့ရင် (သို့) အထိအတွေ့အာရုံ လျော့လာရင်
● သာမန် လက်လှုပ်ရှားမှုလေးတွေကိုတောင်မှ မလုပ်နိုင်တော့ရင်
● တစ်ခုခုကို ကိုင်မထားနိုင်လောက်အောင် အားနည်းလာရင် စတာတွေ ဖြစ်လာရင်တော့ ဆရာဝန်သွားပြဖို့ အရေးကြီးပါတယ်။
>> ကုထုံးများ
● အိမ်တွင်းကုထုံး - အနာ ကောင်းကောင်း ကျက်ချိန်ရအောင်လို့ လက်ကို အနားပေးထားပါ။ ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေး သောက်ပါ၊ ရေခဲအုံပေးပါ။
● လက်စည်း စည်းထားခြင်း - လက်ကောက်ဝတ်မှာ လက်စည်းစည်းထားခြင်းဖြင့် လက်ကောက်ဝတ်လှုပ်ရှားမှုကို ကာကွယ်ပေးတဲ့အတွက် ထပ်ပြီးတော့ မထိခိုက်အောင် ကာကွယ်ထားပါတယ်။ ပြီးတော့ အာရုံကြောတွေ ညှစ်ထားတာကိုလည်း လျော့ကျစေပါတယ်။
● လေ့ကျင့်ခန်းများ - နာကျင်မှုအမျိုးအစားအပေါ် မူတည်ပြီးတော့ လက်ကောက်ဝတ် လေ့ကျင့်ခန်းတွေလည်း လုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းတွေကိုတော့ ဆရာဝန် (သို့) အကြောအဆစ် ပြန်လည်သန်စွမ်းရေးဆရာဝန်တွေက ညွှန်ကြားပါလိမ့်မယ်။
● ဒါတွေအပြင် cortisone ထိုးခြင်းကလည်း အရောင်ကျစေပြီးတော့ ကိုက်ခဲတာကိုလည်း သိသိသာသာ သက်သာစေပါတယ်။
● ခွဲစိတ်ကုသခြင်း - အပေါ်ကနည်းတွေနဲ့ လုံးဝမရတော့ဘူးဆိုမှပဲ ခွဲဖို့ကို စဉ်းစားပါတယ်။
>> ကာကွယ်ခြင်း
● အလုပ်မှာ ထိုင်တဲ့အခါမှာ ကိုယ်နေဟန်ထား မှန်ကန်စွာနဲ့ လက်ကောက်ဝတ်ကိုလည်း သက်သောင့်သက်သာလေး ထားပြီးတော့ ထိုင်ပါ။
● ကီးဘုတ်ကို အကြာကြီး နှိပ်ရတဲ့အလုပ်ဆိုရင် လက်ကောက်ဝတ်ကို သက်သောင့်သက်သာဖြစ်စေတဲ့ ကီးဘုတ်မျိုး သုံးပါ။
● လက်နဲ့ လုပ်ရတဲ့အရာတွေကို မှန်မှန်ကန်ကန် ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သေချာလေ့လာထားရင် လက်နဲ့လက်ကောက်ဝတ်အပေါ် ကျရောက်မယ့်ဒဏ်တွေကို သက်သာစေပါတယ်။
● ကီးဘုတ်သုံးနေရင်း လက်ကို ပုံမှန်နားနားပေးပါ။
● စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း စတဲ့ အားကစားတွေ လုပ်တဲ့အခါမှာ လက်ကို မထိခိုက်အောင် အကာအကွယ် တပ်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















