လက်တွေက ပြောပြနေတဲ့ သင့်ရဲ့ကျန်းမာရေး
နှာတွေ ချေ၊ ချောင်းဆိုး၊ နှာရည်တွေ ကျနေရင် နေမကောင်းဘူး၊ ဆေးသောက်ရတော့မယ်ဆိုတာကို သိသာတဲ့စေပါတယ်။ ဒါပေမဲ့ နေမကောင်း ဖြစ်နေတယ်ဆိုတာကို မမြင်သာတဲ့လက္ခဏာတွေက အများကြီးပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ခေါင်းက ဆံပင်မွေးကနေပြီးတော့ ခြေထောက်အထိ အားလုံးက ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ လက်တွေလည်း အပါအဝင်ပေါ့။ လက်တွေကို ကြည့်ပြီးတော့ ကျန်းမာနေလား၊ မကျန်းမာဘူးလားဆိုတာကို သိနိုင်တဲ့ အချက် (၉) ချက် ရှိပါတယ်။
1. လက်မှာ ပင်အပ်တွေ၊ အပ်တွေနဲ့ ထိုးသလို ခံစားရခြင်း
လက်တွေမှာ အမြဲထုံကျဉ်သလို ခံစားရတာက Carpal tunnel လို့ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကပြင်းထန်ရင် လက်စည်းဝတ်ဖို့ (သို့) ခွဲစိတ်မှုလုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ လက်တွေ၊ လက်မောင်းတွေ ရုတ်တရက် ထုံလာ၊ အားနည်းလာရင်တော့ လေဖြတ်မှာ စိုးရိမ်ရပါတယ်။
2. အရောင်အပြောင်းအလဲ
အေးလာတဲ့အခါမှာ လက်တွေ ပြာသွားတာ၊ သွေးဆုတ်သွားတာတွေ အမြဲဖြစ်နေတတ်ရင် ဒါက Raynaud’s လို့ခေါ်တဲ့ လက်တွေ ထုံကျဉ် အေးစက်ပြီးတော့ နာကျင်မှုဖြစ်စေတဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက စိုးရိမ်ရတဲ့ရောဂါ မဟုတ်ပါဘူး။ ဒီလိုလက္ခဏာတွေ့ရင် ဆရာဝန် သွားပြလိုက်ပါ။
3. လက်တွေ ရောင်နေခြင်း
လက်ချောင်းလေးတွေက ဘောလုံးလိုမျိုး ရောင်တင်းနေပါသလား။ ဆားစားသုံးမှုများလို့ ဖြစ်နိုင်ပါတယ်။ ဆားစားသုံးမှု များတဲ့အခါမှာ သွေးထဲက မလိုအပ်တဲ့အရာတွေနဲ့ အရည်တွေကို စစ်ထုတ်ပေးရတဲ့ ကျောက်ကပ်ရဲ့လုပ်ငန်းစဉ်ကို ခက်ခဲစေပြီးတော့ အရည်တွေကို ခန္ဓာကိုယ်ထဲက လက်လိုမျိုးနေရာတွေမှာ စုပုံလာစေပါတယ်။
4. လက်ပေါ်က အနီဖုလေးတွေ
လက်ပေါ်မှာ ပြည်ဖုလေးတွေ၊ အနီဖုအစက်တွေက Psoriasis ကြောင့် ဖြစ်နိုင်ပါတယ်။ Psoriasis ဆိုတာက လက်ကို နီရဲ အရေခွံတွေလန် အဖုတွေ၊ ပြည်ဖုတွေထွက်စေတဲ့ ရောဂါတစ်မျိုးပါ။ ရောဂါတိတိကျကျ ဖော်ထုတ်နိုင်ဖို့အတွက် ဆရာဝန်နဲ့ သွားပြပါ။
5. လက်တုန်ခြင်း
လူတိုင်းကတော့ လက် နည်းနည်း တုန်တတ်ပါတယ်။ ပြီးတော့ အိပ်ရေးပျက်တဲ့အခါ၊ ကဖင်းဓာတ်တွေ များများသောက်မိတဲ့အခါ၊ သောက်နေတဲ့ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တုန်တာ ပိုဆိုးတတ်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတွေ နှေးကွေးလာတာ၊ ခြေထောက်တွေ တောင့်တင်းလာတာနဲ့ တွဲဖြစ်လာရင်တော့ Parkinson’s disease လို့ခေါ်တဲ့ ပိုပြီးပြင်းထန်တဲ့ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
6. လက်ချောင်းပေါ်က ခရမ်းရောင်အဖုလေးတွေ
လက်ချောင်းထိပ်လေးတွေမှာ အနီ (သို့) ခရမ်းရောင်အဖုလေးတွေက နှလုံးအဆို့ရှင်ရောင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါက နှလုံးအဆို့ရှင်ကို ဘက်တီးရီးယားပိုးဝင်လို့ဖြစ်ပြီးတော့ လက်ဖဝါးအရေပြားအောက်မှာသွေးထွက်စေပါတယ်။ ဒီလက္ခဏာတွေတွေ့ရင်တော့ ဆရာဝန်သွားပြဖို့လိုပါတယ်။
7. လက်ချောင်းရဲ့ ဆုပ်ကိုင်နိုင်အား
ဆရာဝန်တွေက လူနာတွေကို စစ်ဆေးတဲ့အခါမှာ လက်ချောင်းတွေ စုပ်ကိုင်နိုင်အားကိုလည်း စစ်လေ့ရှိပါတယ်။ ဆုပ်ကိုင်တဲ့အား လျော့တာက အားနည်းတဲ့လက္ခဏာ ဖြစ်နိုင်သလို နှလုံးရောဂါနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
8. လက်တွေ အရမ်းခြောက်နေခြင်း
အများအားဖြင့်တော့ အေးတဲ့လတွေမှာ အသားအရေ စိုစွတ်မှုတွေ ခြောက်ခမ်းပြီးတော့ အရေပြားတွေ ခြောက်တတ်ပါတယ်။ ဒါက လက်ခဏခဏ ဆေးတဲ့အခါမှာ သဘာဝအဆီတွေ ခြောက်ခမ်းသွားလို့လည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။
9. လက်ချောင်းတစ်ချောင်း ကွေးမရ၊ ဆန့်မရ ဖြစ်နေခြင်း
ဒါက ဒီလက်ချောင်းမှာရှိတဲ့ အရွတ်ရောင်နေလို့ ဖြစ်နိုင်ပြီးတော့ အရိုးအဆစ် ရောင်နေတဲ့သူတွေ၊ သိုင်းရွိုက်ရောဂါရှိသူတွေနဲ့ ဆီးချိုသမားတွေမှာ အဖြစ်များပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















